MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇန်နဝါရီ ၆ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

လက်စတာစီးတီးအသင်းနဲ့ ပရီးမီးယားလိဂ် ဆုဖလားကို ရယူခဲ့ဖူးတဲ့ ဝေးလ်ကွင်းလယ်ကစားသမား အန်ဒီကင်းဟာ ဘယ်ဂျီယံကလပ်အသင်း လိုက်ဗန်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။ အသက်(၃၂)နှစ်အရွှယ်ရှိ ကင်းဟာ ၂၀၂ဝခုနှစ် ဇွန်လကတည်းက လက်စတာနဲ့ လမ်းခွဲခဲ့ပြီး အသင်းလက်မဲ့ ဖြစ်နေရတဲ့ ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။

လီဗာပူးလ်နည်းပြ ယာဂင်ကလော့က မန်ချက်စတာယူနိုက်တက်အသင်းက သူတို့အသင်းထက် ပင်နယ်တီကနေ ဂိုးရတတ်တဲ့အသင်းလို့ ပြောဆိုခဲ့ပေမယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲကို စတင်ခဲ့တဲ့ ၁၉၉၂-၁၉၉၃ ဘောလုံးရာသီကနေစတင်ပြီး လက်ရှိအချိန်ထိ ပင်နယ်တီကနေ ဂိုးအများဆုံး ရယူနိုင်ခဲ့တဲ့ ကလပ်အသင်းက လီဗာပူးလ်အသင်းဖြစ်ကာ သွင်းဂိုးပေါင်း(၁၃၀)အထိကို ပင်နယ်တီကနေ သွင်းယူခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ နောက်ခံလူနှစ်ဦးဖြစ်တဲ့ ဆလီဘာနဲ့ ကိုလာစီနက်တို့ကို အသင်းကနေ အငှားချခဲ့ပြီးနောက် ကစားသမားတချို့ကို အခုစျေးကွက်အတွင်းမှာပဲ ရောင်းချသွားဖို့ ပြင်ဆင်လို့နေပါတယ်။ လက်ရှိမှာတော့ အသင်းရဲ့ ဂရိနောက်ခံလူ ဆိုကရာတစ်ကို ဂျီနိုအာအသင်းကနေ ချိတ်ဆက်လို့နေပြီး အိုဇေးကိုလည်း အသင်းကနေ ရောင်းချနိုင်ဖို့ စီစဉ်လျက်ရှိနေပါတယ်။

ပီအက်စ်ဂျီနည်းပြသစ် မာရီစီယိုပိုချက်တီနိုကတော့ သူရဲ့သတင်းစာရှင်းလင်းပွဲအတွင်းမှာ သူ့တပည့်ဟောင်း ခရစ္စတီယန်အဲရစ်ဆင်နဲ့ပတ်သက်ပြီး မေးမြန်းလာမှုအပေါ် ငြင်းဆန်ပယ်ချသွားခဲ့သလို အင်တာမီလန်အသင်းဘက်ကလည်း သူတို့ရဲ့ကစားသမား အဲရစ်ဆင်နဲ့ပတ်သက်တဲ့ ကမ်းလှမ်းချက်တစ်စုံတစ်ရာကိုမှ မရရှိသေးဘူးလို့ သိရှိရပါတယ်။

အေစီမီလန်အသင်းရဲ့ ဝါရင့်တိုက်စစ်မှူးကြီး ဇလာတန်အီဗရာဟီမိုဗစ်ဟာ ဒဏ်ရာပြသာနာကနေ ပြန်လည်သက်သာလာခြင်းမရှိသေးလို့ ဂျုဗင်တပ်စ်အသင်းနဲ့ ရင်ဆိုင်ရမယ့် စီးရီးအေပွဲစဉ်ကို လွဲချော်ရတော့မှာဖြစ်ပါတယ်။ ဂျုဗင်တပ်စ်ဘက်ကလည်း တိုက်စစ်ကစားသမား အဲဗာရိုမိုရာတာပါ ဒဏ်ရာပြသာနာကြောင့် ပါဝင်ကစားနိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။