MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇန်နဝါရီ ၅ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

အာဆင်နယ်အသင်းရဲ့ ပြင်သစ်လူငယ် နောက်ခံကစားသမားလေး ဝီလီယံဆလီဘာဟာ ပြင်သစ်လီဂူးကလပ် နိုက်စ်အသင်းဆီကို ရာသီကုန်အထိအငှားနဲ့ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ကြောင်း အာဆင်နယ်ဘက်ကနေ တရားဝင်ထုတ်ပြန်လာခဲ့ပါတယ်။ အသက်(၁၉)နှစ်သာရှိသေးတဲ့ ဆလီဘာဟာ ဒီရာသီမှာ အာဆင်နယ်စီနီယာအသင်းအတွက် တစ်ပွဲမှကို ပါဝင်ကစားရခြင်း မရရှိသေးသူလည်းဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အာဂျင်တီးနားနောက်ခံကစားသမား မားကို့စ်ရိုဟိုဟာ နာမည်ကျော် အာဂျင်တီးနားကလပ် ဘိုကာဂျူနီယာအသင်းကို ပြောင်းရွှေ့ကစားဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပြီလို့ သတင်းတွေ ထွက်ပေါ်လျက်ရှိနေပါတယ်။ ရိုဟိုဟာ ဘိုကာဂျူနီယာအသင်းနဲ့လည်း (၃)နှစ်စာချုပ်ချုပ်ဆိုသွားမယ်လို့လည်း သိရပါတယ်။

ဘွန်ဒစ်လီဂါကလပ် ဖရန့်ဖတ်အသင်းရဲ့ ဝါရင့်နယ်သာလန်တိုက်စစ်ကစားမားကြီး ဘတ်စ်ဒို့စ်ကတော့ ဘယ်ဂျီယံထိပ်သီးကလပ် ကလပ်ဘရုဂေးအသင်းဆီကို ပြောင်းရွှေ့ကြေး ယူရို(၄)သန်းနဲ့ အပြီးသတ်ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။ ဒို့စ်ဟာ ဒီရာသီမှာ ဖရန့်ဖတ်အသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး(၅)ဂိုးအထိကို သွင်းယူထားနိုင်ခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းကတော့ ပြီးခဲ့တဲ့နွေစျေးကွက်အတွင်းက အဲဗာတန်အသင်းက တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူခဲ့တဲ့ အီတလီလူငယ်တိုက်စစ်မှူးလေး မွိုက်စ်ကင်းကို အငှားစာချုပ် ကုန်ဆုံးသွားချိန်မှာ ပြောင်းရွှေ့ကြေး ယူရို(၃၅)သန်းနဲ့ အပြီးသတ်ခေါ်ယူသွားဖို့ ဆန္ဒရှိလို့နေပါတယ်။ မွိုက်စ်ကင်းဟာ ဒီရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး(၉)ဂိုးအထိကို သွင်းယူထားနိုင်ခဲ့ပါတယ်။

ဂျုဗင်တပ်စ်အသင်းရဲ့ စပိန်လက်ရွေးစင် တိုက်စစ်ကစားသမား အဲဗာရိုမိုရာတာဟာ ကြွက်သားဒဏ်ရာပြသာနာကြောင့် အူဒီးနီးစ်ကို အနိုင်ရခဲ့တဲ့ စီးရီးအေပွဲစဉ်အတွင်း ပါဝင်ကစားနိုင်ခြင်းမရှိခဲ့သလို အေစီမီလန်အသင်းနဲ့ ရင်ဆိုင်ရမယ့် စီးရီးအေပွဲကျပ်ပွဲစဉ်ကိုပါ ထပ်မံလွဲချော်ရဦးမယ်လို့ နည်းပြပီယာလိုက ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။