MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇန်နဝါရီ ၄ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

အင်တာမီလန် ဂျုဗင်တပ်စ်အသင်းတွေနဲ့ အပြောင်းအရွေ့ ကောလဟာလသတင်းတွေ ထွက်ပေါ်လျက်ရှိနေတဲ့ အီတလီတိုက်စစ်ကစားသမားကြီးပယ်လီဟာ လက်ရှိမှာတော့ သူရဲ့ကလပ်အသင်းဖြစ်တဲ့ တရုတ်စူပါလိဂ် ရှန်ဒေါင်လူနန်အသင်းကနေ ထွက်ခွာလိုက်ပြီဖြစ်ပါတယ်။ အသက်(၃၅)နှစ်အရွယ် ပယ်လီဟာ ကစားသမားဘဝကို အနားမယူခင် ဥရောပဘောလုံးနယ်ပယ်ထဲကို တကျော့ပြန်ဝင်ရောက်ချင်နေတာကြောင့် မကြာခင်မှာပဲ အသင်းသစ်တစ်သင်းဆီ ရောက်ရှိဖွယ် ရှိနိုင်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းရဲ့ပွဲထွက်လူစာရင်းအတွင်းမှာ ပြင်သစ်နောက်ခံအစွန်လူ ဖာလန်းမန်ဒီကို ထည့်သွင်းကစားတဲ့ စပိန်လာလီဂါပွဲစဉ်ပေါင်း (၃၀)အတွင်းမှာ တစ်ပွဲတစ်လေမှကို မရှံးနိုင်ခဲ့တဲ့ စံချိန်ကောင်းတစ်ခုကို ပိုင်ဆိုင်ထားခဲ့ရပါတယ်။ မန်ဒီဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ရီးရဲလ်မက်ဒရစ်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း(၁၉)ပွဲအထိ ပါဝင်ထားခဲ့ပြီး အသင်းက သူမပါဝင်တဲ့ ပွဲစဉ်တွေမှာသာ ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။

ပြင်သစ်လီဂူးကလပ် နိုက်စ်အသင်းဟာ ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ နောက်ခံကစားသမား မာမာဒူဆာခိုကို ပြင်သစ်မြေဆီ ပြန်လည်ခေါ်ဆောင်သွားဖို့ ပစ်မှတ်ထားလို့နေပါတယ်။ ပီအက်စ်ဂျီနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ နောက်ခံလူဟောင်းတစ်ယောက်ဖြစ်တဲ့ ဆာခိုဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ ပဲလေ့စ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်တဲ့အပြင် အသင်းနဲ့ လက်တွဲဖြုတ်ဖို့ကလည်း သေချာသလောက် ရှိနေသူဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ အခုဆောင်းစျေးကွက်အတွင်းမှာ အသင်းရဲ့အင်အားကို မြှင့်တင်နိုင်ဖို့အတွက် ကစားသမားသစ်တွေကို ခေါ်ယူသွားချင်နေပြီး လက်ရှိမှာတော့ ဗလင်စီယာအသင်းရဲ့ အသက်(၂၄)နှစ်အရွယ်ရှိ စပိန်ကွင်းလယ်ကစားသမား ကားလို့စ်ဆိုလာကို ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက် ရှိနေတယ်လို့ သတင်းထွက်ပေါ်လို့နေပါတယ်။ ဆိုလာဟာ ဗလင်စီယာရဲ့ အဓိကကြယ်ပွင့် ဖြစ်ပေမယ့်လည်း အသင်းရဲ့ဘဏ္ဍာရေးအခြေအနေကြောင့် ရောင်းချရဖွယ် ရှိနေပါတယ်။

ဘာစီလိုနာအသင်းရဲ့ အသင်းခေါင်းဆောင် အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီဟာ အခုဆိုရင် စပိန်လာလီဂါ ပြိုင်ပွဲသမိုင်းတလျှောက်မှာ ပွဲပေါင်း(၅၀၀)ပြည့်မြောက်ခဲ့တဲ့ စပိန်နိုင်ငံသားမဟုတ်တဲ့ ပထမဆုံးသော ပြည်ပကစားသမားတစ်ယောက်အဖြစ် မှတ်တမ်းဝင်သွားခဲ့ရပါတယ်။