MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇန်နဝါရီ ၃ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ဘောလုံးသမားအပြောင်းအရွှေ့တွေကို ဦးစားပေး တင်ဆက်တတ်တဲ့ တူရကီဂျာနယ်လစ်တစ်ဦးရဲ့ ဖော်ပြချက်တွေအရ ဒီနှစ်ဘောလုံးရာသီအတွင်း အတော်လေးကို ခြေစွမ်းပြသလျက် ရှိလို့နေတဲ့ စပါးအသင်းရဲ့ တောင်ကိုရီးယား တိုက်စစ်ကစားသမား ဆွန်ဟောင်မင်ကို ရီးရဲလ်မက်ဒရစ်အသင်းကနေ ခေါ်ယူသွားဖို့အတွက် ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

အတ္တလန်တာအသင်းကတော့ အခုဆောင်းစျေးကွက်မှာ အသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းဆီကို လက်လွတ်လိုက်ရတဲ့ တောင်ပံကစားသမားလေး အာမတ်ထရာအိုရေးကို ဒီနှစ်ရာသီအကုန်အထိ အသင်းမှာ ဆက်လက်ထိန်းသိမ်းချင်နေတာကြောင့် ကာလတို အငှားစာချုပ်နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီး ယူနိုက်တက်ကတော့ ဒီကမ်းလှမ်းမှုကို ပယ်ချဖွယ်သာ ရှိနေပါတယ်။

ပီအက်စ်ဂျီအသင်းရဲ့ နည်းပြသစ် ဖြစ်လာခဲ့တဲ့ မာရီစီယိုပိုချက်တီနိုကတော့ အခုဆောင်းစျေးကွက်နဲ့ လာမယ့်နွေစျေးကွက်အတွင်းမှာ အသင်းအတွက် ကစားသမားသစ်တွေ ခေါ်ယူရာမှာ အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်နေတဲ့ လီယွန်နယ်မက်ဆီနဲ့ သူရဲ့အသင်းဟောင်း စပါးအသင်းရဲ့ ကစားသမားတချို့ကိုပါ ပစ်မှတ်ထားလာနိုင်ဖွယ် ရှိနေပါတယ်။

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဝက်စ်ဘရွန်းအသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း အာဆင်နယ်အသင်းအတွက် အရေးပါလှတဲ့ အဖွင့်ဂိုးကို သွင်းယူပေးခဲ့တဲ့ နောက်ခံအစွန်လူ ကီရန်တီယာနေးဟာ အာဆင်နယ်အတွက် အဝေးကွင်းပွဲစဉ်မှာ သွင်းဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးသော စကော့တလန်ကစားသမားတစ်ယောက်အဖြစ် သတ်မှတ်ခံလာခဲ့ရပါတယ်။

ဒီရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းကနေ ဗီလာရီးရဲလ်အသင်းဆီကို အငှားနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဂျပန်လူငယ် ကြယ်ပွင့်လေး ကူဘိုက ဗီလာရီးရဲလ်မှာ ပါဝင်ကစားခွင့်တွေပါ နည်းပါးနေတာကြောင့် သူရဲ့အငှားစာချုပ်ကို ဖျက်သိမ်းချင်နေပြီး အသင်းကနေ ပြန်လည်ထွက်ခွာချင်နေတယ်လို့ ဗီလာရီးရဲလ်နည်းပြ အူနိုင်းအမ်မရီကိုယ်တိုင်ကပါ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။