MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇန်နဝါရီ ၃၁ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ဒီနှစ်ဘောလုံးရာသီမှာ ဝါဒါဘရီမင်အသင်းဆီ အငှားနဲ့သွားရောက်ကစားလို့နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လူငယ်ကစားသမား တာဟစ်ချောင်ဟာ အခုဆိုရင် ဝါဒါဘရီမင်နဲ့ လက်တွဲဖြုတ်ပြီး နာမည်ကျော် ဘယ်ဂျီယံကလပ်အသင်းတစ်သင်းဖြစ်တဲ့ ကလပ်ဘရုဂျက်စ်အသင်းဆီ အငှားနဲ့ ထပ်မံပြောင်းရွှေ့သွားခဲ့ပါတယ်။

အီဂျစ်နွယ်ဖွား အီတလီလက်ရွေးစင်ဟောင်း တိုက်စစ်ကစားသမား အယ်ရှာရာဝီဟာ သူရဲ့ကလပ်အသင်းဟောင်းဖြစ်တဲ့ ရိုးမားအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြန်လည်ရောက်ရှိလာခဲ့ပြီလို့ သိရပါတယ်။ အယ်ရှာရာဝီဟာ ရိုးမားအသင်းနဲ့ ဘယ်နှစ်နှစ် စာချုပ်ဆိုဖြစ်ဆိုလဲဆိုတာကို ဖော်ပြထားခြင်းမရှိပေမယ့် ကျောနံပါတ်(၉၂)ကို ဝတ်ဆင်သွားမှာဖြစ်ပါတယ်။

90Mins သတင်းမီဒီယာရဲ့ ဖော်ပြချက်တွေအရ ဒီနှစ်ဘောလုံးရာသီအကုန်မှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် နောက်ခံကစားသမား ဒေးဗစ်အလာဘာကို ဥရောပထိပ်တန်းအသင်းတွေကနေ ပစ်မှတ်ထားနေပေမယ့် ဒီအသင်းတွေထဲမှာ မန်စီးတီးအသင်း ပါဝင်ခြင်းမရှိဘူးလို့ သိရှိရပါတယ်။

စပါးအသင်းနဲ့ လက်တွဲဖြုတ်တော့မယ့် အင်္ဂလန်ဘယ်နောက်ခံကစားသမား ဒန်နီရိုစ့်ကို ဝက်စ်ဘရွန်းအသင်းက ကမ်းလှမ်းခဲ့ပေမယ့်လည်း ကစားသမားဘက်က ပယ်ချခဲ့ပြီး အခုလက်ရှိမှာတော့ တူရကီကလပ် ထရက်ဇွန်စပေါအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ဖို့ အခြေအနေကောင်းလျက်ရှိနေပြီး သဘောတူညီမှုပါ ရယူနိုင်ခဲ့ပြီလို့ သိရှိရပါတယ်။

အေစီမီလန်အသင်းဟာ ဒီနှစ်နွေစျေးကွက်ကမှ မန်ချက်စတာယူနိုက်တက်အသင်းကနေ တစ်ရာသီအငှားနဲ့ ခေါ်ယူထားခဲ့တဲ့ ပေါ်တူဂီညာနောက်ခံကစားသမား ဒီယိုဂိုဒါလော့ကို အပြီးသတ်ခေါ်ယူသွားဖို့ စီစဉ်လျက်ရှိနေပြီး ပြောင်းရွှေ့ကြေး ပေါင်(၁၅)သန်းနဲ့ ခေါ်ယူသွားဖို့ ဆန္ဒရှိလို့နေပါတယ်။ ဒါပေမယ့် ယူနိုက်တက်အသင်းဘက်ကတော့ ဒါလော့ကို အပြီးသတ်ရောင်းချမှာ မဟုတ်ဘူးလို့ သိရှိရပါတယ်။