MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇန်နဝါရီ ၂ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ဒီနှစ်ဘောလုံးရာသီအကုန်မှာ အေစီမီလန်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အီတလီလက်ရွေးစင် ဂိုးသမား ဒွန်နာရမ်မာကို ခေါ်ယူသွားဖို့အတွက် ချယ်လ်ဆီးအသင်းဘက်ကနေ စိတ်ဝင်စားလျက်ရှိနေပြီး အပြောင်းအရွှေ့ ဖြစ်မြောက်လာဖို့အတွက် ဆွေးနွေးမှုတွေကို လုပ်ဆောင်လျက်ရှိနေတယ်လို့ သတင်းတွေကနေ ဖော်ပြလာခဲ့ပါတယ်။

အသင်းရဲ့ နံပါတစ်ဂိုးသမားဖြစ်သူ မက်သရူးရိုင်ယန်ကို လက်လွတ်ရဖွယ် ရှိလို့နေတဲ့ ဘရိုက်တန်အသင်းဟာ ဒီရာသီ အသင်းအတွက် တစ်ပွဲတစ်လေမှကို ပါဝင်ကစားထားရခြင်းမရှိတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အာဂျင်တီးနားဂိုးသမား ဆာဂျီယိုရိုမဲရိုးကို ပစ်မှတ်ထားလျက်ရှိနေပြီး ဆောင်းစျေးကွက်မှာပဲ ကမ်းလှမ်းမှုတွေကို စတင်လုပ်ဆောင်လာဖွယ် ရှိနေပါတယ်။

ဝက်စ်ဟမ်းယူနိုက်တက်အသင်းရဲ့နည်းပြ ဒေးဗစ်မိုရက်စ်ဟာ အဲဗာတန်အသင်းကနေ ထွက်ခွာခဲ့ပြီးနောက်ပိုင်း အသင်းဟောင်းနဲ့ ပြန်လည်ရင်ဆိုင်ရတဲ့ ပွဲစဉ်တိုင်းမှာ လုံးဝအနိုင်မရယူခဲ့ဖူးပေမယ့်လည်း မနေ့ညက ကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ သူရဲ့ဝက်စ်ဟမ်းအသင်းက ဆူချက်ခ်ရဲ့တစ်လုံးတည်းသော နောက်ကျသွင်းဂိုးနဲ့အတူ အသင်းဟောင်းကို ပထမဆုံးအကြိမ်အဖြစ် အနိုင်ရယူနိုင်ခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ သူတို့အသင်းရဲ့ ဗဟိုနောက်ခံကစားသမား ရော့ဟိုးဒင်းကို နှစ်ရှည်စာချုပ်သစ် ချုပ်ဆိုဖို့အတွက် နီးစပ်လျက်ရှိနေပြီလို့ သိရပါတယ်။ အသက်(၂၅)နှစ်အရွှယ် နောက်ခံကစားသမား ဟိုးဒင်းဟာ ၂၀၁၆ခုနှစ်ကမှ ဘော်တန်အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင်(၂)သန်းနဲ့ အာဆင်နယ်ကို ရောက်ရှိလာခဲ့သူဖြစ်ပြီး အသင်းအတွက် ကြိုးစားကစားပေးနိုင်သူလည်းဖြစ်ပါတယ်။

မနေ့ညက အက်စတွန်ဗီလာအသင်းနဲ့ ရင်ဆိုင်ကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ နိုင်ပွဲရယူနိုင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းအတွက် အကောင်းဆုံးခြေစွမ်းပြကာ ကစားပေးသွားနိုင်ခဲ့တဲ့ နောက်ခံကစားသမား အဲရစ်ဘိုင်လီကို ပွဲအပြီးမှာ ယူနိုက်တက်အသင်းသားများစွာက ဝိုင်းဖက်ပြီး ချီးကျူးထောပနာပြုခဲ့ကြသလို ဘိုင်လီကလည်း ပွဲစဉ်အတွင်းမှာ ရှင်းထုတ်မှု(၆)ကြိမ်ထိ လုပ်ဆောင်နိုင်ခဲ့ကာ ဘောလုံးပြန်လည်ဆယ်ယူမှု (၇)ကြိမ်လုပ်ဆောင်နိုင်ခဲ့ပါတယ်။