MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇန်နဝါရီ ၂၈ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ စာချုပ်ဖျက်သိမ်းလိုက်ပြီးနောက် အသင်းလက်မဲ့ဖြစ်နေရတဲ့ အသက်(၂၅)နှစ်အရွှယ်ရှိ ဂျာမန်ကွင်းလယ်ကစားသမား မက်စ်မေယာဟာ ဘွန်ဒစ်လီဂါကလပ် ကိုလုံးအသင်းဆီကို တစ်နှစ်စာချုပ် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ကာ ကျောနံပါတ်(၁၃)ကို ဝတ်ဆင်သွားမှာပဲဖြစ်ပါတယ်။

ချယ်လ်ဆီးအမျိုးသမီး ဘောလုံးအသင်းကတော့ မနေ့ညက ပွဲစဉ်မှာ အက်စတွန်ဗီလာအသင်းကို (၄)ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီးနောက် (၂)နှစ်တာကာလအတွင်း FA Women Super League ပြိုင်ပွဲရဲ့ ပွဲပေါင်း(၃၂)ပွဲဆက်တိုက်ကို ရှံးပွဲမရှိအောင် ကစားနိုင်ခဲ့တာဖြစ်ပြီး ဒါဟာ FAWSL ပြိုင်ပွဲရဲ့ သမိုင်းတလျှောက် အရှည်ကြာဆုံးသော ရှုံးပွဲမရှိစံချိန်သစ်တစ်ခု ဖြစ်လာခဲ့ရပါတယ်။

စပါး ဂျုဗင်တပ်စ် ဆီဗီလာ နာပိုလီအသင်းတို့ရဲ့ ဝါရင့်စပိန်တိုက်စစ်ကစားသမားကြီး ဖာနန်ဒိုလော်ရန်တေးကတော့ စီးရီးအေကလပ် အူဒီးနီးစ်အသင်းကို ရောက်ရှိသွားခဲ့ပြီဖြစ်ကြောင်း အသင်းဘက်ကနေ တရားဝင် ထုတ်ပြန်လာခဲ့ပါတယ်။ လော်ရန်တေးဟာ အူဒီးနီးစ်နဲ့ (၂)နှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး ကျောနံပါတ်(၃၂)ကို ဝတ်ဆင်သွားမှာဖြစ်ပါတယ်။

ဒီနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်ရဲ့ အမှတ်ပေးဇယားအောက်ဆုံးမှာ ရှိနေရတဲ့ ရှက်ဖီးယူနိုက်တက်အသင်းဟာ မနေ့ညက အိုးထရက်ဖိုဒ့်ကွင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး ပထမပိုင်းအတွင်း နောက်ခံလူကင်းခ်ဘရိုင်ယန်ရဲ့ ဂိုးနဲ့ ပထမပိုင်းမှာ အနိုင်ရထားခဲ့တာကြောင့် ဒါဟာ သူတို့အသင်းရဲ့ ဒီနှစ်ရာသီ ပထမပိုင်းအတွင်း ပထမဆုံးအကြိမ် ပွဲကိုဦးဆောင်နိုင်မှု ဖြစ်ခဲ့ရသလို ပွဲအပြီးမှာ (၁)ဂိုး (၂)ဂိုးနဲ့ အနိုင်ရခဲ့လို့ ဒီရာသီရဲ့ ပထမဆုံးသော အဝေးကွင်းနိုင်ပွဲကို စတင်ပိုင်ဆိုုင်နိုင်ခဲ့ရပါတယ်။

ဘရိုက်တန်အသင်းကတော့ မနေ့ညက ဖူလ်ဟမ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ ဂိုးမရှိသရေနဲ့ပဲ အဆုံးသတ်ခဲ့ရတာကြောင့် နည်းပြဂရေဟမ်ပေါ်တာရဲ့ ဘရိုက်တန်အသင်းက ဒီနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း အိမ်ကွင်းမှာ နိုင်ပွဲလုံးဝမရသေးတဲ့ တစ်သင်းတည်းသော အသင်းဖြစ်လို့နေရပါတယ်။