MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇန်နဝါရီ ၂၇ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ချယ်လ်ဆီးအသင်းအနေနဲ့ အသင်းရဲ့နည်းပြ ဖရန့်လမ်းပတ်က ရာထူးကနေ ထုတ်ပယ်ပြီး ပီအက်စ်ဂျီနည်းပြဟောင်း တူချယ်လ်ကို ပြောင်းလဲခန့်အပ်လိုက်မှုရဲ့ နောက်ဆက်တွဲအဖြစ် ဝက်စ်ဟမ်းအသင်းရဲ့ ကွင်းလယ်ကစားသမား ဒစ်ကလန်ရိုက်စ်ကို ခေါ်ယူမယ့်ကိစ္စမှာပါ သွားပြီးအကျိုးသက်ရောက်နိုင်ကာ ကမ်းလှမ်းထားမှုတွေ ရပ်တန့်သွားဖွယ် ရှိနေပါတယ်။

၂၀၂၁ခုနှစ် ဇန်နဝါရီလထဲမှာ ကျင်းပပြုလုပ်သွားဖို့အတွက် စီစဉ်ထားခဲ့တဲ့ ဘာစီလိုနာအသင်းရဲ့ ဥက္ကဌသစ်ရွေးကောက်တင်မြှောက်ခံမယ့် အစီအစဉ်ဟာ ကိုဗစ်ပျံ့ပွားမှုတွေ ဆက်လက်ရှိနေသေးတဲ့အတွက် ရွေးကောက်ပွဲကို ရွေ့ဆိုင်းထားခဲ့ရပြီး လာမယ့် မတ်လ(၇)ရက်နေ့မှသာ ပြန်လည်ကျင်းပသွားမှာဖြစ်တယ်လို့ တရားဝင်ထုတ်ပြန်လာခဲ့ပါတယ်။

ကမ္ဘာပေါ်ရှိ ဘောလုံးကလပ်အသင်းတွေများစွာထဲကမှ ဆိုရှယ်မီဒီယာပေါ်ကနေ အားပေးမှု အမြင့်မားဆုံး ရရှိခဲ့တဲ့ ဘောလုံးအသင်းအဖြစ် ရီးရဲလ်မက်ဒရစ်အသင်းက Followers ပေါင်း (၂၅၁.၅)သန်းနဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေနိုင်ခဲ့ပါတယ်။ ရီးရဲလ်အသင်းဟာ Facebook မှာ Followers (၁၁၀.၉)သန်း Twitter မှာ (၃၅.၇)သန်း Instagram မှာ (၉၄.၅)သန်း Youtube မှာ (၆.၂)သန်းနဲ့ TitTok မှာ (၄.၂)သန်းထိကို ရရှိလို့ထားပါတယ်။

ဆာဘီးယားလက်ရွေးစင် တိုက်စစ်ကစားသမားလေး လူကာယိုဗစ်က သူ့အနေနဲ့ သူရဲ့မိခင်ကလပ်အသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းမှာ ခြေစွမ်းပြဖို့အတွက် ရုန်းကန်ခဲ့ရတာဟာ သူ့အတွက် လုံလောက်တဲ့ ပွဲကစားခွင့်တွေ မရခဲ့တဲ့အတွက်ကြောင့်သာဖြစ်ပြီး အသင်းအတွက် အချိန်အနည်းငယ်သာ ကစားခဲ့ရခြင်းက သူရဲ့ယုံကြည်မှုကိုပါ ထိခိုက်စေရတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဝက်စ်ဟမ်းယူနိုက်တက်အသင်းကတော့ မနေ့ညက ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ နိုင်ပွဲရရှိခဲ့ပြီး အမှတ်ပေးဇယားရဲ့ အဆင့်(၄)နေရာထိကို တတ်လှမ်းလာနိုင်ခဲ့တဲ့အပြင် တစ်နှစ်တာအတွင်းမှာ ကျင်းပခဲ့တဲ့ ပြိုင်ပွဲစုံ(၆)ပွဲဆက်တိုက်ကို အနိုင်ရယူနိုင်ခဲ့တာကြောင့် ဒီလို စွမ်းဆောင်ရည်မျိုးဟာ အသင်းရဲ့ သမိုင်းကြောင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် လုပ်ဆောင်နိုင်ခဲ့တာလို့ သိရှိရပါတယ်။