MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇန်နဝါရီ ၂၆ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

Sky Sports ရုပ်သံရဲ့ သတင်းပေးပို့ချက်တွေအရ ချယ်လ်ဆီးအသင်းဟာ မနေ့ကမှ အသင်းက ထုတ်ပယ်ခဲ့တဲ့ အသင်းရဲ့နည်းပြဟောင်း ဖရန့်လမ်းပတ်ကို အသင်းရဲ့လေ့ကျင့်ရေးကွင်းထဲကို ဝင်ခွင့်မပြုခဲ့တာကြောင့် လမ်းပတ်အနေနဲ့ သူရဲ့အသင်းသားတွေ နည်းပြအဖွဲ့ဝင်တွေနဲ့ အသင်းဝန်ထမ်းကိုပင် နှုတ်ဆက်ခွင့်မရခဲ့ဘူးလို့ သိရှိရပါတယ်။

ဝက်စ်ဟမ်းယူနိုက်တက်အသင်းကတော့ မန်ချက်စတာယူနိုက်တက်အသင်းမှာ နေရာပျောက်ဆုံးလို့နေတဲ့ အင်္ဂလန်ကွင်းလယ်ကစားသမား ဂျက်ဆီလင်ဂတ်ကို အခုဆောင်းစျေးကွက်အတွင်းမှာပဲ အငှားစာချုပ်နဲ့ အရခေါ်ယူသွားဖို့အတွက် စီစဉ်လျက်ရှိနေတယ်လို့ သိရပါတယ်။ လင်ဂတ်ဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ(၃)ပွဲသာ ပါဝင်ကစားထားခဲ့ရပါတယ်။

ဂျာမန်နာမည်ကျော် သတင်းစာတစ်စောင်ဖြစ်တဲ့ Blid ရဲ့ဖော်ပြချက်များအရ ရီးရဲလ်မက်ဒရစ်အသင်းဟာ လက်ရှိနည်းပြဇီဒန်းကို အသင်းကနေ ထုတ်ပယ်ဖြစ်ခဲ့ရင် သူရဲ့နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် လိုက်ပ်ဇစ်အသင်းရဲ့ အသက်(၃၃)နှစ်အရွှယ်ရှိ ဂျာမန်လူမျိုးနည်းပြ ဂျူလီယန်နာဂယ်စ်မန်းကို အဓိကပစ်မှတ်ထားနေပြီး ရာသီအကုန်မှာ ကမ်းလှမ်းမှုတွေ စတင်လုပ်ဆောင်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းနဲ့ လမ်းခွဲလိုက်ပြီဖြစ်တဲ့ ဂရိနောက်ခံကစားသမား ဆိုကရာတစ်ဟာ သူရဲ့ဂရိနိုင်ငံက ထိပ်သီးကလပ်အသင်းဖြစ်တဲ့ အိုလံပီယာကော့စ်အသင်းဆီကို (၂)နှစ်စာချုပ်ချုပ် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ပြီဖြစ်ပါတယ်။ အသက်(၃၂)နှစ်အရွှယ်ရှိ နောက်ခံလူဆိုကရာတစ်ဟာ ဒီရက်ပိုင်းအတွင်း လီဗာပူးလ်နဲ့လည်း ချိတ်ဆက်မှုတွေ ရှိခဲ့ပေမယ့်လည်း အပြောင်းအရွှေ့က အထမြောက်ခြင်းမရှိခဲ့လို့ အခုလို အိုလံပီယာကော့စ်အသင်းဆီသာ ပြောင်းရွှေ့ခဲ့ရတာဖြစ်ပါတယ်။

လတ်တလောမှာ ရိုးမားအသင်းနဲ့ အဆင်မပြေမှုတွေ ရှိနေရတဲ့ အသက်(၃၄)နှစ်အရွှယ်ရှိ ဘော့စနီးယားလက်ရွေးစင် ဝါရင့်တိုက်စစ်မှူးကြီး အီဒင်ဂျက်ကိုဟာ အခု အသင်းမှာ တစ်ဦးတည်း လေ့ကျင့်ခန်းဆင်းနေရပြီး အခုဆောင်းစျေးကွက်အတွင်းမှာလည်း အသင်းနဲ့ လမ်းခွဲရဖွယ် ရှိနေသလို သူ့ကိုလည်း ဂျုဗင်တပ်စ်အသင်းကနေ ခေါ်ယူသွားဖွယ် ရှိနေပါတယ်။