MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇန်နဝါရီ ၂၃ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ရိုးမားအသင်းဟာ ကိုပါအီတလီယာပြိုင်ပွဲရဲ့ (၁၆)သင်းအဆင့်ပွဲစဉ်အတွင်း စပီဇီယာအသင်းကို (၄)ဂိုး(၂)ဂိုးနဲ့ ရှံးနိမ်ခဲ့ရပေမယ့်လည်း ဒီပွဲစဉ်အတွင်းမှာ အိမ်ရှင်ရိုးမားအသင်းဘက်ကနေ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ ကျော်လွန်ပြီး လူစားလဲလှယ်မှုကို (၆)ကြိမ်ထိ ပြုလုပ်ခဲ့တာကြောင့် အီတလီဘောလုံးအဖွဲ့ချုပ်ကနေပြီး ရိုးမားကို အပြစ်ပေးတဲ့အနေနဲ့ (၃)ဂိုး ဂိုးမရှိ အရှုံးရလဒ်အဖြစ် ပြောင်းလဲသတ်မှတ်လိုက်ပါတယ်။

စပါးအသင်းရဲ့နည်းပြဟိုဆေးမော်ရင်ဟိုက သူရဲ့အသင်းဟောင်းတစ်သင်းဖြစ်ခဲ့တဲ့ ချယ်လ်ဆီးအသင်းနဲ့ ရယူခဲ့ဖူးတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း အိမ်ကွင်း(၈၆)ပွဲဆက်တိုက် ရှုံးပွဲမရှိနိုင်ခဲ့တဲ့ စံချိန်မှတ်တမ်းဟာ အရမ်းကို ထူးခြားလှတဲ့ စံချိန်တစ်ခုဖြစ်သွားခဲ့တဲ့အပြင် ချိုးဖျက်ဖို့ဆိုတာကလည်း အရမ်းကို ခက်ခဲသွားခဲ့ရပြီလို့ ဝန်ခံပြောဆိုလိုက်ပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖရန့်လမ်းပတ်က လတ်တလောမှာ သူရဲ့အသင်းက ရလဒ်တွေ ဆိုးရွှားလွန်းနေတာကြောင့် သူရဲ့အနာဂတ်ကလည်း မှေးမှိန်လျက်ရှိနေတဲ့အပြင် သူရဲ့နေရာမှာလည်း တခြားသောနည်းပြတစ်ယောက်နဲ့ အစားထိုးတော့မယ်ဆိုတဲ့ ကောလဟာလသတင်းတွေပါ ထွက်ပေါ်နေတာကို အာရုံစိုက်နေမှာမဟုတ်ကြောင်းနဲ့ အသင်းရလဒ်တွေ ပြန်လည်ကောင်းမွန်ဖို့သာ ခေါင်းထဲထည့်ထားကြောင်း ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

ဝက်စ်ဟမ်းယူနိုက်တက်အသင်းရဲ့ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဒစ်ကလန်ရိုက်စ်ကို ချယ်လ်ဆီး မန်ချက်စတာယူနိုက်တက်အသင်းတွေအပြင် မန်စီးတီးနဲ့ လီဗာပူးလ်အသင်းတို့ကလည်း ရိုက်စ်ကို ခေါ်ယူသွားဖို့အတွက် စိတ်ဝင်စားလျက် ရှိနေတယ်လို့ 90Min ကနေ ဖော်ပြလာခဲ့ပါတယ်။ ဝက်ဟမ်းစ်ကတော့ သူတို့ရဲ့ ကြယ်ပွင့်ကစားသမားကို အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းသွားချင်နေပါတယ်။

လီဗာပူးလ်အသင်းရဲ့ နည်းပြယာဂန်ကလော့က သူတို့အသင်းအနေနဲ့ အခုဆောင်းစျေးကွက်အတွင်းမှာ ကစားသမားသစ်တွေကို ခေါ်ယူဖြည့်တင်းသင့်တယ်လို့ အများက သုံးသပ်ပြောဆိုနေကြပေမယ့်လည်း ကစားသမားသစ် ခေါ်ယူဖို့က သူ့တစ်ဦးတည်းအပေါ်မှာ မူတည်နေတာမဟုတ်ပဲ ကစားသမားခေါ်ယူဖို့အတွက် ဘာဆုံးဖြတ်ချက်ကိုမှ ချမှတ်လို့မရနိုင်ဘူးလို့ ရှင်းလင်းပြောဆိုလိုက်ပါတယ်။