MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇန်နဝါရီ ၂၂ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ဂျာမန်ဘွန်ဒစ်လီဂါ ထိပ်သီးကလပ်အသင်းတစ်သင်းဖြစ်တဲ့ လိုက်ပ်ဇစ်အသင်းက အခုဆောင်းစျေးကွက်အတွင်းမှာပဲ လက်စတာအသင်းရဲ့အရန်တိုက်စစ်ကစားသမားဖြစ်သူ အီယန်နာချိုနဲ့ လီဗာပူးလ်အသင်းရဲ့ ဘယ်ဂျီယံတိုက်စစ်ကစားသမား အော်ရီဂီတို့နှစ်ယောက်ကို အငှားစာချုပ်အသီးသီးတွေနဲ့ ကမ်းလှမ်းသွားဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

ဘာစီလိုနာ မန်စီးတီးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတွေဟာ ဘရာဇီးကလပ် ပါမီးရက်စ်အသင်းရဲ့ တိုက်စစ်မှူးလေးဖြစ်သူ ဂါဘရီရယ်ဗာရွန်ကို ခေါ်ယူသွားဖို့အတွက် အပြိုင်စိတ်ဝင်စားနေကြတယ်လို့ သိရှိရပါတယ်။ ကလပ်အသင်းအတွက် (၃၃)ပွဲအတွင်း (၈)ဂိုးအထိ သွင်းယူပေးထားနိုင်တဲ့ ဗာရွန်ကို ခေါ်ယူနိုင်ဖို့ ယူနိုက်တက်အသင်းက ရေပန်းအစားဆုံးလည်း ဖြစ်လို့နေပါတယ်။

ချက်ဘောလုံးအဖွဲ့ချုပ်က ဂျုဗင်တပ်စ်အသင်းရဲ့ တိုက်စစ်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုဟာ သွင်းဂိုး(၇၆၀)အထိကို ရှိလာခဲ့ရပြီဖြစ်ပေမယ့်လည်း သူတို့ရဲ့ဂန္တဝင်ကစားသမားကြီး ယိုးဆက်ဖ်ဘီကန်ရဲ့ စံချိန်ကိုတော့ အမှန်တကယ် ကျော်ဖြတ်နိုင်ခြင်းမရှိသေးပဲ ဘီကန်သွင်းယူထားတဲ့ တရားဝင်သွင်းဂိုးအရေအတွက်ဟာလည်း (၇၅၉)ဂိုးမဟုတ်ပဲ (၈၂၁)ဂိုးရှိခဲ့တာလို့ တုံ့ပြန်ပြောဆိုသွားခဲ့ပါတယ်။

စပါးနဲ့ အဲဗာတန်အသင်းတိုရဲ့ ပစ်မှတ်ဖြစ်လို့နေတဲ့ နာပိုလီအသင်းရဲ့ ပိုလန်တိုက်စစ်ကစားသမား မီလစ်ခ်ဟာ အီတလီကနေ အင်္ဂလန်မြေကို ပြောင်းရွှေ့ဖို့ ဆန္ဒမရှိပဲ လီဂူးကလပ် ပီအက်စ်ဂျီအသင်းဆီကိုသာ ပြောင်းရွှေ့ဖို့အတွက် ပြင်သစ်နိုင်ငံကို ရောက်ရှိနေပြီလို့ အပြောင်းအရွှေ့ကိုလည်း အပြီးသတ်နိုင်ဖို့ နီးစပ်နေပြီလို့ သိရှိရပါတယ်။

ပရီးမီးယားလိဂ်ရဲ့ အမှတ်ပေးဇယားအောက်ခြေမှာ ရှိလို့နေတဲ့ ရှက်ဖီးယူနိုက်တက်အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ပုံမှန်ကစားခွင့်တွေ ပျောက်ဆုံးလို့နေတဲ့ ကွင်းလယ်လူ ဂျက်ဆီလင်ဂတ်ကို အခုဆောင်းစျေးကွက်အတွင်းမှာ အငှားနဲ့ကမ်းလှမ်းကာ နွေစျေးကွက်ရောက်ချိန်မှာ တစ်ခါတည်းအပြီးသတ်ခေါ်ယူဖို့အတွက် ပြင်ဆင်လို့နေပါတယ်။