MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇန်နဝါရီ ၂၁ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

အသက်(၃၂)နှစ်အရွှယ်ရှိ ဂရိလက်ရွေးစင် ဗဟိုနောက်ခံကစားသမားကြီး ဆိုကရာတစ်ကတော့ သူရဲ့လက်ရှိကလပ်အသင်းဖြစ်တဲ့ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း လပိုင်းလောက် ကျန်ရှိနေသေးပေမယ့်လည်း စာချုပ်ကို ဖျက်သိမ်းလိုက်ပြီဖြစ်ပြီး အသင်းလက်မဲ့ ဖြစ်သွားခဲ့တာကြောင့် သူပြောင်းရွှေ့ကစားလိုတဲ့ ကလပ်အသင်းဆီကို လွတ်လပ်စွာ ပြောင်းရွှေ့နိုင်တော့မှာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ကနေ အာဆင်နယ်မှာ အငှားလာရောက်ကစားနေတဲ့ စပိန်ကွင်းလယ်ကစားသမား စီဘယ်လော့က လက်ရှိ ရီးရဲလ်အသင်းမှာ ပွဲထွက်ခွင့်တွေ ပျောက်ဆုံးလို့နေတဲ့ နော်ဝေကွင်းလယ်ကစားသမား မာတင်အိုဒီဂတ်အနေနဲ့ ဒီအခြေအနေတွေကို အကောင်းဆုံးဖြေရှင်းဖို့အတွက် ရီးရဲလ်ကနေ ထွက်ခွာလိုက်သင့်တယ်လို့ အကြံပြုပြောဆိုလိုက်ပါတယ်။

ဝုလ်ဗ်အသင်းဟာ သူတို့အသင်းနဲ့ သတင်းတွေထွက်ပေါ်နေတဲ့ ဝါရင့်စပိန်တိုက်စစ်မှူးကြီး ဒီယေဂိုကော်စတာကို ခေါ်ယူသွားဖို့အတွက် ချဉ်းကပ်မှုတွေရော ကမ်းလှမ်းမှုတွေပါ လုပ်ဆောင်ထားခြင်းမရှိပဲ သူတို့အသင်း အမှန်တကယ် အလိုရှိနေသူက ဆိုစီဒက်အသင်းရဲ့ တိုက်စစ်မှူးဝီလီယံဟိုဆေးသာဖြစ်ကာ ဒီကစားသမားကို ခေါ်ယူဖို့အတွက် ဆွေးနွေးမှုတွေလည်း လုပ်ဆောင်နေပြီလို့ သိရပါတယ်။

နာမည်ကျော် ဘောလုံးသတင်းထောက် ဖာဘရီဇီယိုရဲ့ ဖော်ပြချက်အရ နယ်သာလန်ကွင်းလယ်ကစားသမား ဝိုင်နယ်ဒန်နဲ့ သူရဲ့လီဗာပူးလ်အသင်းတို့ရဲ့ကြားမှာ စာချုပ်သစ်ကိစ္စနဲ့ပတ်သက်ပြီး အခုချိန်ထိ အဆင်ပြေမှု မရယူနိုင်သေးဘူးလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက အသင်းဘက်ကနေ သက်တမ်းတိုးဖို့ ကမ်းလှမ်းထားပေမယ့်လည်း ကစားသမားဘက်ကနေ ပယ်ချထားခဲ့တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့နွေစျေးကွက်တုန်းက လီဗာပူးလ်အသင်းကနေ ဇင်းနစ်အသင်းဆီကို ပြောင်းရွှေ့ခဲ့ရတဲ့ ခရိုအေးရှား နောက်ခံကစားသမား ဒီဂျန်လိုဗရန်က အခုအချိန်မှာ သူ့ရဲ့အသင်းဟောင်းကို သူလွမ်းဆွတ်နေတာထက် သူ့အသင်းဟောင်းက သူ့ကို ပိုပြီးလွမ်းဆွတ်သတိရနေလိမ့်မယ်လို့ မှတ်ချက်ပြုပြောဆိုသွားခဲ့ပါတယ်။ လီဗာပူးလ်ဟာ လိုဗရန်ကို အသင်းကနေ ရောင်းချခဲ့ပေမယ့်လည်း သူ့နေရာအတွက် ကစားသမားဖြည့်တင်းမှု လုပ်ဆောင်ဖို့ ပျက်ကွယ်ခဲ့ပါတယ်။

ဂျုဗင်တပ်စ်အသင်းရဲ့ ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုဟာ မနေ့ညက ကျင်းပခဲ့တဲ့ အီတလီစူပါဖလားပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုး(၁)ဂိုးကို သွင်းယူပေးနိုင်ခဲ့တာကြောင့် စုစုပေါင်း သွင်းဂိုး(၇၆၀)ဂိုးနဲ့ ဘောလုံးသမိုင်းတလျှောက် တရားဝင်သွင်းဂိုးအများဆုံး ဘောလုံးသမားတစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။