MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇန်နဝါရီ ၂၀ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နော်ဝေလက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားသမား မာတင်အိုဒီဂတ်ကတော့ ဒီနှစ်ဘောလုံးရာသီအတွင်း အသင်းအတွက် ပြိုင်ပွဲစုံ (၉)ပွဲသာ ပါဝင်ကစားထားခဲ့ရပြီး အယ်လ်ကိုယာနိုအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် စပိန်ကိုပါဒယ်ရေးပွဲမှာရဲ့ လူစာရင်းမှာပါ ချန်လှပ်ခံခဲ့ရလို့ အသင်းနဲ့ လမ်းခွဲရဖို့က နီးစပ်နေပြီလို့ သိရှိရပါတယ်။

အသက်(၃၇)နှစ်အရွှယ်ရှိပြီဖြစ်တဲ့ အေဂျက်စ်အသင်းရဲ့ ဝါရင့်နယ်သာလန်တိုက်စစ်ကစားသမားကြီး ဟန်တယ်လာဟာ သူရဲ့ကလပ်အသင်းဟောင်းဖြစ်တဲ့ ရှော်ကေးအသင်းဆီကို (၆)လစာချုပ် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပြီး ကျောနံပါတ်(၂၁)ကို ဝတ်ဆင်ကစားသွားမယ်လို့ သိရှိရပါတယ်။

အေစီမီလန်အသင်းနဲ့ သတင်းတွေ ထွက်ပေါ်လို့နေတဲ့ ချယ်လ်ဆီးအသင်းရဲ့ အင်္ဂလန်နောက်ခံကစားသမား ဖာကီယိုတိုမော်ရီဟာ လာမယ့်တစ်ပတ်အတွင်းမှာပဲ အီတလီနိုင်ငံ မီလန်မြို့ကို သွားရောက်ပြီး ဆေးစစ်မှုခံယူကာ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်တော့မယ်လို့ နာမည်ကျော်သတင်းထောက် ဖာဘရီဇီယိုက ဖော်ပြသွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆောင်းရာသီစျေးကွက်အတွင်းမှာ ပြင်သစ်လီဂူးကလပ် လန်းစ်အသင်းရဲ့ အသက်(၂၁)နှစ်အရွှယ်ရှိ အာဂျင်တီးနားနောက်ခံကစားသမားလေး မယ်ဒီနာကို ခေါ်ယူသွားဖို့အတွက် အတော်လေးကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဗဟိုနောက်ခံနေရာနဲ့ ဘယ်နောက်ခံနေရာမှာပါ ကစားတတ်တဲ့ မယ်ဒီနာကို ပေါင်(၁၀)သန်းခန့်နဲ့ ကမ်းလှမ်းဖွယ်လည်း ရှိနေပါတယ်။

မန်စီးတီးအသင်းရဲ့ တိုက်စစ်ကစားသမား ဆာဂျီယိုအဂွဲရိုးဟာ ကိုဗစ်ကူးစက်နေသူတစ်ဦးနဲ့ ထိတွေ့မိထားခဲ့လို့ (၂)ပတ်တာခန့် သီးသန့်နေထိုင်နေရတာကြောင့် အသင်းရဲ့ ပွဲစဉ်တွေကို လွဲချော်နေခဲ့ရပေမယ့်လည်း အသင်းရဲ့နည်းပြဖြစ်သူ ပတ်ဂွာဒီယိုလာကတော့ ဒီအခြေအနေကို တိုက်စစ်မှူးသစ်ခေါ်ယူပြီး ဖြေရှင်းသွားမှာမဟုတ်ဘူးလို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။