MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇန်နဝါရီ ၁ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ဂျုဗင်တပ်စ်အသင်းရဲ့ ဂျာမန်ကွင်းလယ်ကစားသမား ခီဒီရာဟာ ဆောင်းစျေးကွက်အတွင်းမှာပဲ အသင်းပြောင်းဖို့အတွက် အင်္ဂလန်ကိုတောင် ရောက်ရှိနေပြီဖြစ်ပြီး အဲဗာတန်အသင်းကို ပြောင်းရွှေ့ဖို့ အနီးစပ်ဆုံး ဖြစ်နေသလို သူရဲ့ဆရာဟောင်း မော်ရင်ဟိုရှိရာ စပါးအသင်းနဲ့လည်း အပြောင်းအရွှေ့ကိစ္စတွေ ဆွေးနွေးလို့နေတယ်လို့လည်း သိရပါတယ်။

ဂျာမန်အခြေစိုက် Blid သတင်းစာရဲ့ ဖော်ပြချက်များအရ မန်စီးတီးအသင်းဟာ အသင်းရဲ့တိုက်စစ်ပိုင်းကို အားဖြည့်တင်းသွားဖို့အတွက် လာမယ့်နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်း စပါးအသင်းရဲ့ အထောင်တိုက်စစ်ကစားသမား ဟယ်ရီကိန်းကို ပြောင်းရွှေ့ကြေး ပေါင်သန်း(၁၀၀)နဲ့ ခေါ်ယူသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ သူတို့ရဲ့ ကွင်းလယ်ကစားသမား ဂျက်ဆီလင်ဂတ်ကို စာချုပ်ထဲမှာ ထည့်သွင်းထားတဲ့ တစ်နှစ်သက်တမ်းတိုးခွင့်ကို အသုံးပြုခဲ့ပြီး စာချုပ်သက်တမ်း တိုးလိုက်နိုင်ခဲ့ပြီလို့ဖြစ်တာကြောင့် လင်ဂတ်ကို ယူနိုက်တက်အသင်းမှာ လာမယ့် ၂၀၂၂ခုနှစ်အထိ ဆက်လက်မြင်တွေ့ရတော့မှာဖြစ်ပါတယ်။

ဒီနှစ်ဘောလုံးရာသီအတွင်း ပွဲထွက်ကစားခွင့်တွေ ပျောက်ဆုံးလျက်ရှိနေတဲ့ အာဆင်နယ်အသင်းရဲ့ ဂရိနောက်ခံကစားသမား ဆိုကရာတစ်ကို ဆောင်းရာသီအပြောင်းအရွှေ့စျေးကွက်အတွင်းမှာ ခေါ်ယူသွားဖို့အတွက် နာပိုလီအသင်းနဲ့ ဖီနာဘာချီအသင်းတို့လို့ ဥရောပထိပ်သီး ကလပ်အသင်းတွေကနေ အပြိုင်စိတ်ဝင်စားလျက်ရှိနေပါတယ်။

မန်ချက်စတာစီးတီးအသင်းရဲ့ ဆယ်ကျော်သက်အရွှယ်ရှိ စပိန်နောက်ခံကစားသမားလေး အဲရစ်ဂါဆီယာဟာ လာမယ့်နွေစျေးကွက်အတွင်း သူရဲ့အသင်းဟောင်း ဘာစီလိုနာအသင်းဆီကို ပြန်လည်ပြောင်းရွှေ့ကစားဖို့အတွက် သဘောတူညီမှု ရယူနိုင်ခဲ့ပြီဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး (၅)နှစ်စာချုပ်ချုပ်ဆိုသွားမယ်လို့ သိရှိရပါတယ်။