MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇန်နဝါရီ ၁၉ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

အာဆင်နယ်အသင်းနဲ့ ဝက်စ်ဟမ်းအသင်းတို့ရဲ့ အင်္ဂလန်ကွင်းလယ်ကစားသမားဟောင်း ဂျက်ဝီရှိုင်းယားဟာ ဝက်စ်ဟမ်းနဲ့ လက်တွဲဖြုတ်ပြီးနောက်ပိုင်းကတည်းက အသင်းလက်မဲ့ ဖြစ်နေခဲ့ရာ အခုတော့ သူ့ကို လေ့ကျင့်ခန်းဆင်းခွင့်ပြုထားတဲ့ ချန်ပီယံရှစ်ကလပ်အသင်း ဘုန်းမောက်ကို အလွတ်ပြောင်းရွှေ့ကြေး တစ်နှစ်စာချုပ်နဲ့ တရားဝင်ပြောင်းရွှေ့လိုက်ပြီဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အဲဗာတန်အသင်းတို့ရဲ့ နောက်ခံအစွန်လူဟောင်းတစ်ယောက်ဖြစ်သလို အင်္ဂလန်လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းရဲ့ နည်းပြလည်းဖြစ်တဲ့ ဖီးလ်နဖီးကတော့ လက်ရှိမှာ သူရဲ့ယူနိုက်တက်အသင်းဖော်ဟောင်း ဒေးဗစ်ဘက်ဟမ်း ပူးတွဲပိုင်ဆိုင်ထားတဲ့ အင်တာမိုင်ယာမီအသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ခံလိုက်ရပြီလို့ သိရှိရပါတယ်။

တူရကီနာမည်ကျော်ကလပ် ဖီနာဘာချီအသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့တော့မယ့် ဂျာမန်ကွင်းလယ်ဖန်တီးရှင် မက်ဇတ်အိုဇေးကို အသင်းရဲ့ Assist King တစ်ယောက်အဖြစ် အမြဲတမ်း တမ်းတသတိရနေမှာဖြစ်ကြောင်း အိုဇေးရဲ့အာဆင်နယ်အသင်းဖော်ဟောင်း နောက်ခံလူမူစတာဖီက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဝါရင့်နယ်သာလန် တိုက်စစ်ကစားသမားကြီး ဟန်တယ်လာဟာ သူရဲ့ကလပ်အသင်းဟောင်းဖြစ်တဲ့ ရှော်ကေးအသင်းကို ပြန်လည်ပြောင်းရွှေ့ကစားဖို့အတွက် သေချာသွားခဲ့ပြီဖြစ်ပြီး ဆေးစစ်မှုတွေပါ ပြုလုပ်တော့မယ်လို့ သိရပါတယ်။ အသက်(၃၇)နှစ်အရွှယ်ရှိ တိုက်စစ်မှူးကြီးဟာ ရှော်ကေးအသင်းမှာ (၇)နှစ်နီးပါးလောက်အထိကို ပါဝင်ကစားခဲ့သူဖြစ်ပါတယ်။

လတ်တလောမှာ အပြောင်းအရွှေ့ကောလဟာလသတင်းတွေ အတော်လေးကို ထွက်ပေါ်နေတဲ့ လီဗာပူးလ်အသင်းရဲ့ အီဂျစ်တိုက်စစ်ကစားသမား မိုဟာမက်ဆာလာကတော့ သူအနေနဲ့ အသင်းမှာသာ ဆက်ရှိသွားမှာဖြစ်ပြီး သူရဲ့အနာဂတ်ကလည်း အသင်းအပေါ်မှာသာ မူတည်နေတာကြောင့် ဆက်ကစားလို့ ရနိုင်သေးသမျှ လီဗာပူးလ်မှာပဲ ဆက်ရှိနေမှာဖြစ်ကြောင်း ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။