MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇန်နဝါရီ ၁၈ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ရီးရဲလ်မက်ဒရစ်အသင်းကနေ ကလပ်အသင်းဟောင်း ဖရန့်ဖတ်အသင်းဆီကို အငှားစာချုပ်နဲ့ ပြန်လည်ပြောင်းရွှေ့လာခဲ့တဲ့ တိုက်စစ်မှူး လူကာယိုဗစ်ဟာ သူရဲ့တကျော့ပြန် အဖွင့်ပွဲစဉ်မှာပဲ လူစားဝင်ကစားပြီး (၁၀)မိနစ်အကြာမှာ သွင်းဂိုးရယူခဲ့သလို ပွဲပြီးခါနီးမှာပါ ဒုတိယဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ပါသေးတယ်။

မန်စီးတီးအသင်းရဲ့နောက်ခံကစားသမား ဂျွန်စတုန်းဟာ မနေ့ညက ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ မန်စီးတီးအသင်းအတွက် အဖွင့်ဂိုးနဲ့ တတိယဂိုးတွေကို သွင်းယူပေးနိုင်ခဲ့တဲ့အတွက် ဒီဂိုးတွေဟာ သူရဲ့မန်စီးတီးကစားသမားဘဝအတွင်းမှာ စတင်သွင်းယူနိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်သွင်းဂိုးတွေလည်း ဖြစ်လာခဲ့ရပါတယ်။

အသက်လက်တီကိုမက်ဒရစ်အသင်းက သူတို့ရဲ့ ပစ်မှတ်ဟောင်းတစ်ဦးဖြစ်ခဲ့တဲ့ အာဆင်နယ်တိုက်စစ်ကစားသမား အလက်ဆန်းဒါးလာကာဇက်ကို ထပ်မံကမ်းလှမ်းမှုတွေ လုပ်ဆောင်သွားဖို့အတွက် စိတ်ဝင်စားလျက်ရှိနေပြီး လာမယ့်နွေစျေးကွက်အတွင်းမှာပဲ လာကာဇက်ကို အရခေါ်ယူဖို့ ထပ်မံကြိုးပမ်းဖွယ် ရှိနေပါတယ်။

နာမည်ကျော် ဂျာမန်သတင်းစာတစ်ခုဖြစ်တဲ့ Blid ရဲ့ ဖော်ပြချက်များအရ လေဗာကူဆင်အသင်းရဲ့ ဂျမေကာလက်ရွေးစင် တောင်ပံကစားသမားလေး လီယွန်ဘိုင်လီဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို ပြောင်းရွှေ့ကစားချင်နေတယ်လို့ သိရပါတယ်။ အသက်(၂၃)နှစ်အရွှယ်ရှိ ဒီကစားသမားလေးကို ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးကလပ်အသင်းတွေများစွာကနေလည်း စိတ်ဝင်စားလျက် ရှိလို့နေပါတယ်။

ဒီနှစ်ဘောလုံးရာသီမှာ နာပိုလီအသင်းအတွက် တစ်ပွဲမှကို ပါဝင်ကစားထားရခြင်း မရှိသလို ရာသီအကုန်မှာလည်း အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ပိုလန်တိုက်စစ်မှူးမီလစ်ခ်ကို ခေါ်ယူနိုင်ဖို့အတွက် မာဆေးလ်အသင်းဘက်ကနေ ကြိုးပမ်းလျက်ရှိနေပြီး အပြောင်းအရွှေ့ဖြစ်မြောက်ဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရှိရပါတယ်။