MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇန်နဝါရီ ၁၆ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

အသက်(၃၀)အရွှယ်ရှိပြီဖြစ်တဲ့ ဝါရင့်နယ်သာလန်ကွင်းလယ်ကစားသမားကြီး စထရူးမန်းဟာ မာဆေးလ်အသင်းကနေ စီးရီးအေကလပ် ဂျီနိုအာအသင်းဆီကို ရာသီကုန်အထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့ပြီဖြစ်ပါတယ်။ ဒီကစားသမားဟာ ရိုးမားအသင်းနဲ့အတူ စီးရီးအေမှာ (၄)နှစ်နီးပါးလောက် ကျင်လည်ခဲ့ဖူးသူလည်းဖြစ်ပါတယ်။

အေစီမီလန်အသင်းဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ချယ်လ်ဆီးအသင်းမှာ ပုံမှန်ပွဲထွက်ကစားခွင့်တွေ နည်းပါးနေတဲ့ နောက်ခံလူတိုမော်ရီကို ခေါ်ယူသွားဖို့ကာ အတော်လေးကို နီးစပ်လာခဲ့ပြီဖြစ်ပြီး လာမယ့်တနင်းလာနေ့လောက်မှာပဲ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖွယ် ရှိနေပါတယ်။ မီလန်က တိုမော်ရီအတွက် ကနဦးအငှားအပြင် ဝယ်ယူခွင့်ကိုပါ တစ်ခါတည်းထည့်သွင်းချုပ်ဆိုသွားမှာ ဖြစ်ပါတယ်။

စပါးအသင်းဟာ ဒီနှစ်ဘောလုံးရာသီကမှ ရီးရဲလ်မက်ဒရစ်အသင်းကနေ တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူထားခဲ့တဲ့ ဝေးလ်စ်တောင်ပံတိုက်စစ်ကစားသမား ဂါရတ်ဘေးလ်ကို အသင်းနဲ့ အငှားသက်တမ်း ပြည့်မြောက်ချိန် နောက်ထပ်အငှားသက်တမ်းတိုးဖို့ အစီအစဉ်မရှိတော့ပဲ သူရဲ့မူလကလပ်အသင်းဖြစ်တဲ့ ရီးရဲလ်ဆီကိုပဲ ပြန်လည်ပို့ဆောင်တော့မယ်လို့ သိရပါတယ်။

မန်စီးတီးနည်းပြ ပတ်ဂွာဒီယိုလာကတော့ လတ်တလောမှာ ဘာစီလိုနာအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်လို့နေတဲ့ သူတိုရဲ့ ကစားသမား အဲရစ်ဂါဆီယာရဲ့ အပြောင်းအရွှေ့အကြောင်းတွေကို သူမသိရှိပေမယ့် ဒီကစားသမားလေးအနေနဲ့ အခုစျေးကွက်မှာပဲ အသင်းကနေ ထွက်ခွာကောင်းထွက်ခွာသွားနိုင်တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

ရှက်ဖီးယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ ခရစ္စဝိုင်ဒါလ်က စပါးအသင်းရဲ့ နည်းပြဟိုဆေးမော်ရင်ဟိုဟာ သူတာဝန်ယူကိုင်တွယ်တဲ့ ကလပ်အသင်းတိုင်းက ကစားသမားတွေကို အောင်မြင်တဲ့သူတွေ ဖြစ်လာအောင် အကောင်းဆုံးပျိုးထောင်နိုင်သူဖြစ်သလို လက်ရှိအချိန်ထိ ဘောလုံးနည်းပြတွေထဲက အကောင်းဆုံးတစ်ယောက် ဖြစ်နေဆဲပဲလို့ ချီးမွှမ်းပြောဆိုသွားခဲ့ပါတယ်။