MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇန်နဝါရီ ၁၄ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ချယ်လ်ဆီးအသင်းကနေ နယ်သာလန်နာမည်ကြီးကလပ် PSV အိုင့်ဟိုဗင်အသင်းဆီကို အငှားချထားခဲ့တဲ့ ကွင်းလယ်ကစားသမား မားကိုဗန်ဂျင်ဂယ်လ်ဟာ ခြေထောက်ဒဏ်ရာဆိုးကြီးကြောင့် ဘောလုံးကစားခြင်းကနေ (၃၂)လအထိကို အနားယူနေရာကနေ ပြန်လည်သက်သာလာခဲ့ပြီဖြစ်လို့ မနေ့ညက PSV အသင်းရဲ့ ပွဲစဉ်အတွင်း အသင်းအတွက် ပါဝင်ကစားသွားနိုင်ခဲ့ပါတယ်။

လိုင်ယွန်အသင်းကတော့ အသက်လက်တီကိုမက်ဒရစ်အသင်းဆီကို ထွက်ခွာသွားခဲ့ပြီဖြစ်တဲ့ သူတို့ရဲ့ တိုက်စစ်ကစားသမား မူဆာဒမ်ဘီလီရဲ့နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် လက်စတာစီးတီးအသင်းရဲ့ အယ်ဂျီးရီးယား တိုက်စစ်ကစားသမားဖြစ်သူ အစ္စလာမန်ဆလီမန်နီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလိုက်ပြီဖြစ်ကာ (၂)နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

မန်စီးတီးအသင်းရဲ့ လူငယ်ကွင်းလယ်ကစားသမားလေး ဖေးလ်ဖိုဒန်ဟာ မနေ့ညက ဘရိုက်တန်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ သူရဲ့တစ်လုံးတည်းသောသွင်းဂိုးနဲ့ အသင်းကို အနိုင်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို သူရဲ့ဒီရာသီ ပြိုင်ပွဲစုံသွင်းဂိုးအရေအတွက်ဟာလည်း စုစုပေါင်း(၈)ဂိုးထိ ရှိလာခဲ့ရာ တခြားမန်စီးတီးကစားသမားတွေအားလုံးထက်ကို များပြားလျက်ရှိနေပါတယ်။

ဂျုဗင်တပ်စ်အသင်းဟာ မေဂျာလိဂ်ကလပ် ဒဲလ်လက်စ်အက်စ်စီအသင်းရဲ့ အမေရိကန် လူငယ်ကစားသမားလေး ဘရိုင်ယန်ရေနိုးစ်ကို ခေါ်ယူသွားဖို့ သေချာသွားခဲ့ပြီဖြစ်ပြီး လက်ရှိမှာတော့ အသင်းမှာ ချက်ချင်းအသုံးပြုလို့ မရနိုင်သေးတဲ့အတွက် ဘင်နီဗင်တိုအသင်းဆီကို ဇွန်လကုန်ပိုင်းအထိ အငှားချသွားကာ နောက်ရာသီမှ အသင်းမှာ အသုံးပြုမယ်လို့ သိရှိရပါတယ်။

စပါးတိုက်စစ်မှူးဟယ်ရီကိန်းဟာ မနေ့ညက ဖူလ်ဟမ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း စပါးအတွက် သူသွင်းယူခဲ့တဲ့ ခေါင်းတိုက်အဖွင့်ဂိုးဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သူသွင်းယူနိုင်ခဲ့တဲ့ (၂၅)ဂိုးမြောက် ခေါင်းတိုက်သွင်းဂိုးဖြစ်လာခဲ့တဲ့အတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတလျှောက် ညာခြေ ဘယ်ခြေ ခေါင်းတိုက်သွင်းဂိုး (၂၅)ဂိုးစီ ပြည့်မြောက်ခဲ့ရတဲ့ တတိယမြောက် ကစားသမား ဖြစ်လာခဲ့ရပါတယ်။