MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇန်နဝါရီ ၁၃ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

အာဆင်နယ်အသင်းကတော့ သူတို့အသင်းရဲ့နောက်ခံကစားသမားဖြစ်သူ ရော့ဟိုးလ်ဒင်းကို ၂၀၂၄ခုနှစ်အထိ စာချုပ်သက်တမ်းတိုးမြှင့်လိုက်ပြီလို့ သိရှိရပါတယ်။ အသက်(၂၅)နှစ်အရွှယ်ရှိ အင်္ဂလန်နောက်ခံကစားသမား ဘော်လ်တန်လူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး ၂၀၁၆ခုနှစ်ကမှ အာဆင်နယ်ဆီကို ပေါင်(၂)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းမှာ ပွဲထွက်ကစားခွင့်တွေ နည်းပါးလျက်ရှိနေရတဲ့ ဆာဘီးယား တိုက်စစ်မှူးလေး လူကာဂျိုဗစ်ကတော့ သူရဲ့အသင်းဟောင်းဖြစ်တဲ့ ဖရန့်ဖတ်အသင်းဆီကို ရာသီကုန်အငှားစာချုပ်နဲ့ ပြန်လည်ပြောင်းရွှေ့ကစားဖို့ သေချာသလောက်ကို ရှိနေပြီဖြစ်ပြီး ဒီရက်ပိုင်းမှာပဲ အပြောင်းအရွှေ့က ဖြစ်ပေါ်လာလိမ့်မယ်လို့ နာမည်ကြီးအပြောင်းအရွှေ့ဂုရု ဖာဘရီဇီယိုကနေ ဖော်ပြထားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ ပိုင်ရှင်ဖြစ်သူ ရိုမန်အေဘရာမိုဗစ်က အသင်းရဲ့နည်းပြဟောင်းဖြစ်ခဲ့ဖူးတဲ့ အစ္စရေးလ်လူမျိုး အေဗရန်ဂရန့်ကို အသင်းဆီ ပြန်လည်ခေါ်ဆောင်သွားချင်နေပြီး လက်ရှိနည်းပြ ဖရန့်လမ်းပတ်ရဲ့ နည်းပြအဖွဲ့ဝင်တစ်ယောက်အဖြစ် ပါဝင်ဆောင်ရွှက်ကာ အသင်းကို အခြေအနေကောင်းတွေ ပြန်လည်ရရှိဖို့အတွင် တာဝန်ပေးစေချင်နေတယ်လို့ သိရပါတယ်။

မနေ့ညက ကျင်းပသွားခဲ့တဲ့ ရှက်ဖီးယူနိုက်တက်နဲ့ နယူးကာဆဲလ်အသင်းတို့ပွဲမှာ နယူးကာဆဲလ်ကွင်းလယ်လူ ရိုင်ယန်ဖရေဆာ အထုတ်ပယ်ခံလိုက်ရတာကြောင့် နယူးကာဆဲလ်နည်းပြ စတိဗ်ဘရုစ်ရဲ့ နည်းပြသက်တမ်းတလျှောက် ထုတ်ပယ်ခံရတဲ့ ကစားသမားအရေအတွက်ဟာ အယောက်(၄၀)အထိကို ရှိလာခဲ့ပြီး ဒီပမာဏဟာ ပရီးမီးယားလိဂ်မှာတော့ တတိယအများဆုံးပမာဏ ဖြစ်လို့နေပါတယ်။

အပြည်ပြည်ဆိုင်ရာ ဘောလုံးသမိုင်းကြောင်းနဲ့ အလျက်အလက်စုဆောင်းရေးအဖွဲ့(IFFHS)ရဲ့ ထုတ်ပြန်တွေအရ ၂၀၁၁ခုနှစ်ကနေ ၂၀၂ဝခုနှစ် ဆယ်စုနှစ်တစ်ခုအတွင်း အကောင်းဆုံးဘောလုံးနည်းပြမှာ အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ နည်းပြဖြစ်သူ ဒီယေဂိုဆီမြွန်နီလို့ သိရှိရပါတယ်။ ဆီမြွန်နီဟာ နာမည်ကျော်နည်းပြတွေဖြစ်တဲ့ ယာဂင်ကလော့ ပတ်ဂွာဒီယိုလာတို့ကို ကျော်လွန်ပြီး အခုလိုရွေးချယ်ခံခဲ့ရတာဖြစ်သလို IFFHS အမှတ်လည်း (၁၅၂)မှတ်အထိ ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။