MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇန်နဝါရီ ၁၁ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ဆောင်းစျေးကွက်အတွင်းကမှ ဝက်စ်ဟမ်းယူနိုက်တက်အသင်းကနေ အေဂျက်စ်အသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ အိုင်ဗရီကို့စ် တိုက်စစ်ကစားသမား ဆီဘက်စတီယန်ဟယ်လာဟာ အေဂျက်စ်နဲ့ PSV အသင်းတို့ရဲ့ နယ်သာလန်အမှတ်ပေးလိဂ်ပွဲစဉ်အတွင်း ဒုတိယပိုင်းမှာ လူစားဝင်လာခဲ့ပြီး အသင်းအတွက် အရေးပါလှတဲ့ ဒုတိယမြောက် ချေပဂိုးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။

စပါးအသင်းရဲ့ ဆယ်ကျော်သက်အရွှယ် လူငယ်ကစားသမားလေး အာဖင်းဒီဗင်း(၁၆နှစ်)ဟာ မနေ့ညက မာရင်းအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ အက်အေဖလား တတိယအဆင့်ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုးတစ်ဂိုး ရယူပေးနိုင်ခဲ့တာကြောင့် စပါးအသင်းအတွက် တရားဝင်ပြိုင်ပွဲတွေအတွင်းမှာ ဂိုးသွင်းယူခဲ့တဲ့ အသက်အငယ်ဆုံးသော ကစားသမားတစ်ယောက်အဖြစ် သတ်မှတ်ခံလိုက်ရပါတယ်။

ဗြိတိန်နာမည်ကျော် သတင်းစာတစ်စောင်ဖြစ်တဲ့ Daily Mirror ရဲ့ ဖော်ပြချက်တွေအရ ဝက်စ်ဟမ်းယူနိုက်တက်အသင်းရဲ့ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဒီကလန်ရိုက်စ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ကစားဖို့ စိတ်ဝင်စားမှုမရှိပဲ ချယ်လ်ဆီးကိုပဲ ပြန်လည်ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။

မန်စီးတီးအသင်းရဲ့ တိုက်စစ်ကစားသမား ဆာဂျီယိုအဂွဲရိုးဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်လို့နေတဲ့ တစ်စုံတစ်ယောက်နဲ့ ထိတွေ့မိခဲ့တာကြောင့် အသင်းဘက်ကနေ သူ့ကို တစ်ဦးတည်းသီးသန့်နေစေခဲ့ပြီး ဘာမင်ဂမ်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ အက်အေဖလား တတိယအဆင့်ပွဲစဉ်မှာလည်း ပါဝင်ခွင့်မရခဲ့ပဲ ချန်လှပ်ခံခဲ့ရပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ အင်္ဂလန်နောက်ခံကစားသမား တိုမော်ရီအနေနဲ့ အခုဆောင်းစျေးကွက်အတွင်းမှာပဲ အသင်းကနေ အငှားစာချုပ်နဲ့ ထွက်ခွာသွားနိုင်တယ်လို့ အသင်းနည်းပြ ဖရန့်လမ်းပတ်က ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ တိုမော်ရီဟာ ဒီနှစ်ဘောလုံးရာသီအတွင်းမှာ ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ(၄)ပွဲသာ ပါဝင်ကစားထားခဲ့ရပါတယ်။