MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇန်နဝါရီ ၁၀ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ဝက်စ်ဟမ်းယူနိုက်တက်အသင်းကတော့ အသက်(၂၁)နှစ်သာရှိသေးတဲ့ ဒိန်းမတ်ဗဟိုနောက်ခံကစားသမားလေး ဖရက်ဒရစ်အဲလ်ဗက်စ်ကို (၃)နှစ်ခွဲစာချုပ်နဲ့ အပြီးသတ်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ကြေညာလာခဲ့ကာ ဒီကစားသမားက ကျောနံပါတ်(၁၄)ကို ဝတ်ဆင်သွားမယ်လို့လည်း သိရှိရပါတယ်။

ရှော်ကေးအသင်းရဲ့ အမေရိကန်တိုက်စစ်ကစားသမားလေး မတ်သရူးဟက်ပ်ဟာ မနေ့ညက ဟော့ဖန်ဟင်မ်အသင်းကို (၄)ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်အတွင်း အသင်းအတွက် ဟက်ထရစ်ရယူပေးနိုင်ခဲ့တာကြောင့် ဂျာမန်ဘွန်ဒစ်လီဂါ ပြိုင်ပွဲသမိုင်းတလျှောက် ပထမဆုံးသော ဟက်ထရစ်သွင်းယူနိုင်တဲ့ အမေရိကန်ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား စကော့မတ်တွမ်မီနေးဟာ အသင်းအတွက် နောက်ဆုံးသွင်းယူပေးနိုင်ခဲ့တဲ့ သွင်းဂိုး(၃)ဂိုးလုံးဟာ ပထမပိုင်း ပွဲကစားချိန်(၅)မိနစ်အတွင်းမှာပဲ ရယူနိုင်ခဲ့ဂိုးတွေ ဖြစ်နေခဲ့ရပါတယ်။ မနေ့ညက ဝက်ဖိုဒ့်အသင်းကို ရင်ဆိုင်ခဲ့ရတဲ့ အက်အေဖလားပွဲမှာလည်း တွမ်မီနေးဟာ အသင်းအတွက် အဖွင့်ဂိုးကို ပွဲအစ(၅)မိနစ်မှာ သွင်းယူနိုင်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် လူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့တဲ့ ကစားသမားတစ်ယောက်ဖြစ်သလို ပေါလ်ပေါ့ဘာနဲ့လည်း အသင်းဖော်ဟောင်းတွေဖြစ်ခဲ့ဖူးတဲ့ အသက်(၂၇)နှစ်အရွှယ်ရှိ ကွင်းလယ်ကစားသမား ရာဗယ်မော်ရစ်ဆင်ဟာ သူရဲ့လက်ရှိကလပ်အသင်းဖြစ်တဲ့ နယ်သာလန်ကလပ် ADO Den Haag အသင်းနဲ့ စာချုပ်ဖျက်သိမ်းလိုက်ကာ အသင်းလက်မဲ့ ကစားသမားဘဝကို ထပ်မံရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ မနေ့ညက အိုအာဆူနာအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားခဲ့ရတဲ့ စပိန်လာလီဂါပွဲစဉ်ရဲ့ ပထမပိုင်း ပွဲကစားချိန်အတွင်းမှာ ဂိုးပေါက်တည့်ကန်ချက် တစ်ကြိမ်မှကို မပြုလုပ်နိုင်ခဲ့တာကြောင့် ဒါဟာ ဒီနှစ်ဘောလုံးရာသီအတွင်း အသင်းရဲ့တိုက်စစ်ပိုင်းရဲ့ အဆိုးရွှားဆုံး စွမ်းဆောင်ရည်ဖြစ်ခဲ့ရသလို တစ်ပွဲလုံးမှာလည်း Shot on target က တစ်ကြိမ်သာရှိခဲ့ရပါတယ်။