MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဖေဖော်ဝါရီ ၆ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ကိုပါဒယ်ရေးပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်တွေအတွက် မဲခွဲမှုတွေကို လုပ်ဆောင်ခဲ့ရာ ဘာစီလိုနာအသင်းက ဆီဗီလာအသင်းနဲ့ တွေ့ဆုံလျက်ရှိနေပြီး ဘီလ်ဘာအိုအသင်းကတော့ လီဗန်တေးအသင်းနဲ့ တွေ့ဆုံလို့နေပါတယ်။ ဆီမီးဖိုင်နယ်ပွဲစဉ်တွေကိုတော့ နှစ်ကျော့ဆီ ကျင်းပသွားမှာဖြစ်ပြီး ပထမအကျော့ကို ဖေဖော်ဝါရီ (၁၀)ရက်နေ့နဲ့ ဒုတိယအကျော့ကိုတော့ မတ်လ(၃)ရက်နေ့တွေမှာ ကျင်းပမှာဖြစ်ပါတယ်။

ဝက်စ်ဟမ်းအသင်းရဲ့နည်းပြ ဒေးဗစ်မိုရက်စ်ကတော့ ဆောင်းစျေးကွက်အတွင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းကနေ အငှားစာချုပ်နဲ့ ခေါ်ယူဖြစ်ခဲ့တဲ့ ကွင်းလယ်ကစားသမား ဂျက်ဆီလင်ဂတ်ကို အငှားစာချုပ် ပြည့်မြောက်သွားချိန်မှာ တစ်ခါတည်း အပြီးသတ်ဝယ်ယူသွားဖို့အထိပါ စဉ်းစားနေပြီလို့ သိရှိရပါတယ်။

လီဗာပူးလ်ကစားသမားဟောင်းကြီး ဂျင်မီကာရေဂါကတော့ မန်စီးတီးအသင်းရဲ့နောက်တန်းမှာ အတော်လေးကို ခြေစွမ်းပြလျက်ရှိနေတဲ့ ပေါ်တူဂီခံစစ်ကစားသမား ရူဘင်ဒီယက်ဇ်ဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးဘောလုံးသမားဆုကို ဆွတ်ခူးဖို့အတွက် ထိပ်ဆုံးကနေ ရေပန်းစားသင့်တယ်လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။

ဟွယ်ဆကာအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် စပိန်လာလီဂါပွဲစဉ်အတွင်း ရီးရဲလ်မက်ဒရစ်အသင်းဘက်က ပါဝင်ကစားနိုင်ခြင်းမရှိတဲ့ ကစားသမား(၈)ယောက်ခန့်အထိ ရှိလို့နေပြီး အသင်းခေါင်းဆောင်ရာမို့စ် ကာဗာဂျယ် ဗယ်ဗာဒီ ဗက်ဇ်ကေး ရိုဒရီဂို ဟာဇက်နဲ့ အစ္စကိုတို့က ဒဏ်ရာရရှိနေသလို မီလီတာအိုမှာလည်း အနီကတ်ပြသခံထားရတာကြောင့် ဒီပွဲကို လွဲချော်မှာဖြစ်ပါတယ်။

အီတလီစီးရီးအေကလပ် တိုရီနိုအသင်းကတော့ သူတို့အသင်းရဲ့ အသင်းခေါင်းဆောင်လည်းဖြစ်ပြီး အဓိကတိုက်စစ်ကစားသမားလည်းဖြစ်တဲ့ အီတလီလက်ရွေးစင် တိုက်စစ်မှူး အန်ဒရေဘယ်လော့တီကို စာချုပ်သစ်ချုပ်ဆိုသွားဖို့အတွက် ပြင်ဆင်လျက်ရှိနေကာ ကလပ်အသင်းများစွာ အလိုရှိနေတဲ့ ဘယ်လော့တီကို အသင်းမှာပဲ ဆက်ထိန်းထားနိုင်ဖို့ တိုရီနိုဘက်က စီစဉ်နေတာဖြစ်ပါတယ်။