MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဖေဖော်ဝါရီ ၅ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

အသက်(၃၂)နှစ်အရွှယ်ရှိ ဂါနာလက်ရွေးစင်ဟောင်း ကွင်းလယ်ကစားသမား အဆာမိုဟာ စီးရီးအေကလပ် ကာဂလီယာရီအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လိုက်ပြီဖြစ်ပါတယ်။ စီးရီးအေကလပ်အသင်းများစွာနဲ့ ကျင်လည်ခဲ့ဖူးတဲ့ အဆာမိုဟာ တိုရီနို ဂျုဗင်တပ်စ်နဲ့ အင်တာမီလန်အသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးသူလည်းဖြစ်ပါတယ်။

ကိုဗစ်ဗိုင်းရပ်စ်ပိုးကြောင့် ကျင်းပရခြင်းမရှိပဲ ရွေ့ဆိုင်းလိုက်ရတဲ့ အဲဗာတန်အသင်းနဲ့ မန်ချက်စတာစီးတီးအသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို လာမယ့် ဖေဖော်ဝါရီ (၁၇)ရက်နေ့မှာ ပြောင်းလဲကျင်းပသွားမှာဖြစ်တယ်လို့ ထုတ်ပြန်လာခဲ့ပါတယ်။ ဒါကြောင့် မန်စီးတီးအသင်းဟာ ဖေဖော်ဝါရီလအတွင်း လီဗာပူးလ် စပါး အဲဗာတန် အာဆင်နယ် ဝက်စ်ဟမ်းတို့နဲ့ ဆက်တိုက်ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

လာမယ့် (၁၇)ရက်နေ့မှာ ကျင်းပသွားမယ့် လိုက်ပ်ဇစ်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်ကို ကိုရိုနာဗိုင်းရပ်စ်ပြသာနာတွေကြောင့် ဂျာမန်မြေအတွင်းမှာ ကျင်းပနိုင်တော့မှာမဟုတ်ပဲ ပထမအကျော့ကို ကြားကွင်းမှာ ကျင်းပရဖို့ရှိနေပြီး ဒုတိယအကျော့မှသာ လီဗာပူးလ်ရဲ့ အန်ဖီးလ်မှာ ကျင်းပရမှာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားသမားဟောင်းကြီး ဒီမီတာဘာဘာတော့က ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ အသင်းရဲ့တိုက်စစ်ကစားသမား အီဒင်ဟာဇက်ကို အသင်းကနေ ရောင်းချဖို့အတွက် စဉ်းစားသင့်ပြီလို့ သတိပေးပြောဆိုသွားခဲ့ပါတယ်။ ဟာဇက်ဟာ ချယ်လ်ဆီးကနေ ရီးရဲလ်ကို ပြောင်းရွှေ့ပြီးနောက်ပိုင်းကတည်းက ဒဏ်ရာပြသာနာတွေနဲ့ အလူးအလဲ ရင်ဆိုင်နေပြီး အသင်းရဲ့ပွဲများစွာကို လွဲချော်ထားခဲ့ရပါတယ်။

တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းရှင်ဟွာအသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းဆီကို အငှားနဲ့ လာရောက်ကစားဖြစ်ခဲ့တဲ့ နိုင်ဂျီရီးယားတိုက်စစ်မှူးကြီး အိုဒီယန်အီဂါလိုဟာ မကြာသေးခင်ကမှ ယူနိုက်တက်ကနေ အငှားစာချုပ်ပြည့်သွားခဲ့လို့ တရုတ်ကို ပြန်ရောက်ခဲ့ကာ အခုတော့ ရှန်ဟိုင်းရှင်ဟွာကနေ ဆော်ဒီကလပ် Shabab အသင်းဆီကို (၂)နှစ်စာချုပ်နဲ့ ထပ်မံပြောင်းရွှေ့သွားခဲ့ပါတယ်။