MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဖေဖော်ဝါရီ ၂ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

လီဗာပူးလ် ချယ်လ်ဆီး မန်စီးတီးအသင်းတို့ရဲ့ တိုက်စစ်ကစားသမားဟောင်းတစ်ယောက်ဖြစ်တဲ့ ဒန်နီရယ်စတားရစ်ချ်ဟာ တူရကီကလပ် ထရက်ဇွန်စပေါအသင်းနဲ့ လက်တွဲဖြုတ်ပြီးနောက်ပိုင်းကတည်းက အသင်းလက်မဲ့ ဖြစ်လို့နေပြီး လက်ရှိမှာတော့ သူ့ကို မေဂျာလိဂ်ကလပ်အသင်းများစွာကနေ ပစ်မှတ်ထားလို့နေပါတယ်။

အင်္ဂလန်လိဂ်ဝမ်း ကလပ်အသင်းတစ်သင်းဖြစ်တဲ့ အေအက်စ်စီဝင်ဘယ်ဒန်အသင်းဟာ လက်ရှိမှာ သူတို့အသင်းကို အကောင်းဆုံးကိုင်တွယ်နိုင်ဖို့အတွက် နည်းပြသစ်တစ်ယောက် လိုအပ်နေခဲ့ရာ ချယ်လ်ဆီးအမျိုးသမီး ဘောလုံးအသင်းရဲ့ နည်းပြဖြစ်သူ အမ်မာဟေးရက်စ်နဲ့ အစားထိုးချင်နေပြီး ဟေးရက်စ်လည်း အမျိုးသားအသင်းကို ကိုင်တွယ်ရတဲ့ ပထမဆုံး အမျိုးသမီးဘောလုံးနည်းပြတစ်ယောက် ဖြစ်လာနိုင်တော့မှာဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ သူတို့ရဲ့ ကိုဆိုဗိုလက်ရွေးစင် ဂိုးသမားဖြစ်တဲ့ မြူရစ်ကို နယ်သာလန်အမှတ်ပေး ဘောလုံးအသင်းတစ်သင်းဖြစ်တဲ့ Willem II အသင်းဆီကို အငှားချခဲ့သလို အသက်(၁၉)နှစ်အရွှယ်သာရှိနေသေးတဲ့ လူငယ်တိုက်စစ်မှူးလေး တေလာဟားဝုဒ်ဘဲလက်စ်ကို ချန်ပီယံရှစ်ကလပ် ဘလက်ဘန်းအသင်းဆီ အငှားချဖြစ်ခဲ့ပါတယ်။

လာမယ့်မတ်လမှာ ကျင်းပသွားမယ့် ဘာစီလိုနာအသင်းရဲ့ ဥက္ကဌသစ်ရွေးကောက်ပွဲမှာ အနိုင်ရဖို့ ရေပန်းစားနေတဲ့ အသင်းဥက္ကဌဟောင်း လာပေါ်တာက အသင်းရဲ့ အဓိက ကစားသမားဖြစ်တဲ့ အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီက တကယ်တမ်းမှာတော့ အသင်းနဲ့ လမ်းခွဲချင်တာမဟုတ်ပဲ အသင်းမှာသာ ဆက်လက်ကစားချင်နေတာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

မိခင်နေမကောင်းဖြစ်နေတဲ့ကိစ္စကြောင့် အာဆင်နယ်အသင်းရဲ့ နောက်ဆုံးကစားခဲ့ရတဲ့ ပွဲစဉ်(၃)ပွဲလုံးကို လွဲချော်ခဲ့ရတဲ့ အသင်းခေါင်းဆောင် တိုက်စစ်မှူးအူဘာမီယန်းဟာ လက်ရှိမှာ အသင်းနဲ့ လေ့ကျင့်ခန်းတွေ ပြန်ဆင်းလျက်ရှိနေပေမယ့် ဝုလ်ဗ်အသင်းနဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကိုပါ ပါဝင်ကစားနိုင်မလားဆိုတာကိုတော့ အသေအချာ မသိရှိရသေးဘူးလို့ နည်းပြအာတီတာက ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။