MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဖေဖော်ဝါရီ ၁ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

တူရကီထိပ်သီး ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဂါလာတာစာရေးအသင်းကတော့ စပါးအသင်းမှာ ပုံမှန်နေရာပျောက်ဆုံးလို့နေတဲ့ ပေါ်တူဂီကွင်းလယ်ကစားသမား ဂတ်ဆန်ဖာနန်ဒက်စ်ကို ရာသီကုန်အထိ အငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်လျက်ရှိနေပြီး အပြောင်းအရွှေ့ ဖြစ်မြောက်ဖွယ်ရှိနေပါတယ်။

စပါးအသင်းဟာ သူတို့အသင်းရဲ့ နည်းပြဟောင်းဖြစ်တဲ့ မာရီစီယိုပိုချက်တီနိုရဲ့သားဖြစ်သူ မာရီဇီယိုပိုချက်တီနိုကို ချန်ပီယံရှစ်ကလပ် ဝက်ဖိုဒ့်အသင်းဆီ ရာသီကုန်အထိ အငှားချသွားဖို့အတွက် သဘောတူညီလိုက်ပြီဖြစ်ကြောင်း အသင်းရဲ့တွစ်တာစာမျက်နှာပေါ်ကနေ တရားဝင်ထုတ်ပြန်ကြေညာသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းကနေ အငှားစာချုပ်နဲ့ ထွက်ခွာသွားဖွယ်ရှိနေတဲ့ အသက်(၂၃)နှစ်အရွှယ်ရှိ အင်္ဂလန်နောက်ခံအစွန်လူ အိန်စလေမီလန်နိုင်းစ်ကို လက်စတာအသင်းကနေ အငှားစာချုပ်နဲ့ ခေါ်ယူသွားနေချင်ပြီး အငှားစာချုပ် ပြည့်ချိန်မှာ တစ်ခါတည်း အပြီးသတ်ခေါ်ယူသွားချင်နေတယ်လို့ Mirror ကနေ ဖော်ပြလာခဲ့ပါတယ်။

ဘွန်ဒစ်လီဂါကလပ် ဟာသာဘာလင်အသင်းဟာ ဂျုဗင်တပ်စ်အသင်းရဲ့ ဝါရင့်ဂျာမနီ ကွင်းလယ်ကစားသမား ခီဒီရာကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ အသက်(၃၃)နှစ်အရွှယ်ရှိ ဂျာမန်ကွင်းလယ်လူ ခီဒီရာဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ဂျုဗင်တပ်စ်အသင်းမှာ ပုံမှန်နေရာပျောက်ဆုံးလျက်ရှိနေတာကြောင့် အသင်းနဲ့ လက်တွဲဖြုတ်ဖို့အတွက် စီစဉ်လာခဲ့တာဖြစ်ပါတယ်။

ဆောင်းစျေးကွက် မပိတ်သိမ်းခင်မှာ ခံစစ်မှူးသစ်တစ်ယောက်ကို အရခေါ်ယူသွားဖွယ်ရှိနေတဲ့ လီဗာပူးလ်အသင်းဟာ ဂျုဗင်တပ်စ်အသင်းရဲ့ တူရကီနောက်ခံကစားသမား ဒီမီရယ်ကို ခေါ်ယူသွားဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း ဂျုဗင်တပ်စ်က ဒီကမ်းလှမ်းချက်တွေကို ငြင်းဆန်ပယ်ချသွားခဲ့တယ်လို့ သိရပါတယ်။