MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဒီဇင်ဘာ ၉ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း ခေါင်းခုန်တိုက်ရင်း အာဆင်နယ်နောက်ခံလူ ဒေးဗစ်လုဇ်နဲ့ ခေါင်းချင်းတိုက်မိခဲ့တဲ့ ဝုလ်ဗ်အသင်းရဲ့ မက္ကဆီကို တိုက်စစ်ကစားသမား ရာအူးယီမီနက်ဇ်ဟာ ဆေးရုံတတ်ကုသမှု ခံယူနေရပြီး အခုတော့ ပြန်လည်သက်သာလာပြီဖြစ်လို့ ဆေးရုံကနေ ပြန်လည်ဆင်းလာခဲ့ကာ နေအိမ်ကို ပြန်သွားခဲ့ပြီလို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတွေရဲ့ ပစ်မှတ်ဖြစ်လို့နေတဲ့ လီဂူးကလပ် ရန်းစ်အသင်းရဲ့ ပြင်သစ်လူငယ်ကြယ်ပွင့်လေး ကာမာဗင်ဂါဟာ လာမယ့်စျေးကွက်အတွင်းမှာပဲ အသင်းကနေ ထွက်ခွာချင်နေပြီး တခြားသော ကလပ်အသင်းတစ်ခုဆီကို ပြောင်းရွှေ့ကစားချင်ပြီလို့ ရန်းစ်အသင်းဘက်ကို အသိပေးခဲ့ကြောင်း ပြင်သစ်မီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

အာဆင်နယ်အသင်းရဲ့ ဘရာဇီးလူငယ်ကြယ်ပွင့် တိုက်စစ်ကစားသမားလေး ဂါဘရီရယ်မာတင်နယ်လီဟာ ဒူးဒဏ်ရာပြသာနာကြောင့် ဇွန်လကတည်းကနေ အနားယူထားခဲ့ရာ အခုအခါမှာတော့ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီဖြစ်လို့ မနေ့ညမှာ ကျင်းပသွားခဲ့တဲ့ အာဆင်နယ်လူငယ်အသင်းရဲ့ ပွဲစဉ်မှာ ပြန်လည်ပါဝင်ကစားသွားခဲ့ပါတယ်။

မနေ့ညက ကျင်းပသွားခဲ့တဲ့ ပီအက်စ်ဂျီအသင်းနဲ့ အစ္စတန်ဘူလ်ဘာရှက်ဆီဟီအသင်းတို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်ရဲ့ ပထမပိုင်းအတွင်းမှာပဲ ဒီပွဲစဉ်ကို တာဝန်ယူနေရတဲ့ စတုတ္ထမြောက်ဒိုင်က ဘာရှက်ဆီဟီ တိုက်စစ်ကစားသမား ဒမ်ဘာဘာကို အသားအရောင်ခွဲခြားတဲ့ စကားလုံး သုံးနှုန်းပြောဆိုမိခဲ့တာကြောင့် ကစားသမားတွေက ပွဲကိုဆက်မကစားတော့ပဲ ကွင်းထဲကနေ ထွက်ခွာခဲ့လို့ ပွဲကို ရပ်ဆိုင်းခဲ့ရပြီး ဒီနေ့ညမှ (၁၄)မိနစ်ကနေစတင်ကာ ပြန်လည်ကျင်းပစေမှာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းမှာ ပုံမှန်နေရာရဖို့ ခက်ခဲနေရတဲ့ ဂျာမန်နောက်ခံကစားသမား အန်တိုနီယိုရူဒီဂါကို ဘာစီလိုနာအသင်းက ပစ်မှတ်ထားနေလျက်ရှိတဲ့အပြင် လတ်တလောမှာလည်း စီးရီးအေထိပ်သီးကလပ်များဖြစ်ရတဲ့ ဂျုဗင်တပ်စ်နဲ့ အင်တာမီလန်အသင်းတွေကပါ စိတ်ဝင်စားနေကြပြီး ရာသီကုန်အထိ အငှားနဲ့ ကမ်းလှမ်းသွားဖွယ် ရှိနေပါတယ်။