MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဒီဇင်ဘာ ၈ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

မန်ချက်စတာယူနိုက်တက်အသင်းမှာ လုံးဝကို နေရာပျောက်ဆုံးလို့နေတဲ့ ကွင်းလယ်ကစားသမား ဂျက်ဆီလင်ဂတ်ဟာ လာမယ့်ဆောင်းစျေးကွက်အတွင်းမှာ အသင်းကနေ အငှားစာချုပ်နဲ့ ထွက်ခွာသွားဖို့အတွက် အေးဂျင့်ဖြစ်သူနဲ့ လုပ်ဆောင်နေရာ လတ်တလောမှာတော့ လာလီဂါကလပ် ရီးရဲလ်ဆိုစီဒက်အသင်းနဲ့ အပြောင်းအရွှေ့ကိစ္စတွေ ဆွေးနွေးနေပြီလို့ သိရှိရပါတယ်။

ချန်ပီယံရှစ်ကလပ် ဘန်စလေနဲ့ ဘရာဇီးကလပ် ဗက်စကိုဒါဂါးမားအသင်းတွေနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ အီတလီတိုက်စစ်ကစားသမား မာရီယိုဘလော့တယ်လီဟာ အခုဆိုရင်တော့ အီတလီစီးရီးဘီကလပ် မွန်ဇာအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေး (၇)လစာချုပ်နဲ့ တရားဝင်ပြောင်းရွှေ့သွားခဲ့ပြီလို့ သိရှိရပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဒီနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း သွင်းဂိုးပေါင်း (၂၅)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး ဒီသွင်းဂိုးတွေကို အသင်းရဲ့ ကစားသမား(၁၃)ယောက်ကနေ သွင်းယူထားခဲ့ကြတာဖြစ်သလို အသင်းအနေနဲ့ သွင်းဂိုး(၈)ဂိုးကိုပါ တည်ကန်ဘောတွေကနေ ရယူခဲ့တာဖြစ်လို့ ဒီရာသီမှာ တည်ကန်ဘောတွေကနေ ဂိုးအများဆုံး ရရှိနေတဲ့အသင်းအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

နာမည်ကျော် ဗြိတိန်သတင်းမီဒီယာတစ်ခုဖြစ်တဲ့ BBC ရဲ့ ဖော်ပြချက်အရ ဂျုဗင်တပ်စ်အသင်းရဲ့ အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်ကစားသမား ပေါ်လိုဒီဘားလားကို ခေါ်ယူဖို့အတွက် ကမ်းလှမ်းထားတဲ့ ပရီးမီးယားလိဂ် ကလပ်အသင်းပေါင်း (၆)သင်းအထိကို ရှိလို့နေတယ်လို့ သိရပါတယ်။ ဒီအသင်းတွေကတော့ မန်ချက်စတာနှစ်သင်း လီဗာပူးလ် ချယ်လ်ဆီး စပါးနဲ့ အာဆင်နယ်တို့ဖြစ်တယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းမှာ လုံးဝကို နေရာပျောက်ဆုံးလို့နေတဲ့ ဂျာမနီ ကွင်းလယ်ဖန်တီးရှင် ကစားသမား မက်ဇတ်အိုဇေးဟာ သူအနေနဲ့ အာဆင်နယ်ကနေ ထွက်ခွာသွားရင်လည်း နောက်ထပ်ထိပ်တန်းအသင်းကြီးတစ်သင်းဆီကို ရောက်ရှိနိုင်လိမ့်မယ်လို့ ယုံကြည်နေပြီး လာမယ့်ဆောင်းစျေးကွက်ထက် နွေစျေးကွက်မှသာ အသင်းကနေ ထွက်ခွာမယ်လို့ ပြောဆိုသွားခဲ့ပါတယ်။