MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဒီဇင်ဘာ ၇ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

မနေ့ညက ကစားသွားခဲ့တဲ့ စပါးအသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်အတွင်းမှာ ဧည့်သည်အာဆင်နယ်အသင်းဟာ ဂိုးရရှိဖို့အတွက် စပါးအသင်းရဲ့ခံစစ်ပိုင်းဇုန်အတွင်း ဖြတ်တင်ဘော (၄၄)ကြိမ်အထိကို ပြုလုပ်ခဲ့ပြီး ဒီပမာဏဟာ ဒီနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ အများဆုံးပမာဏ ဖြစ်ခဲ့ရပေမယ့် တစ်ဂိုးမှကို မသွင်းနိုင်ခဲ့ပဲ (၂)ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ရပါတယ်။

မနေ့ညက အိမ်ကွင်းအန်ဖီးလ်မှာ ကျင်းပခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း အသင်းအတွက် အဖွင့်ဂိုးကို စတင်သွင်းယူပေးခဲ့တဲ လီဗာပူးလ်တိုက်စစ်ကစားသမား မိုဟာမက်ဆာလာဟာ အခုဆိုရင် လီဗာပူးလ်ကစားသမားဘဝအတွင်း သူရင်ဆိုင်ခဲ့ရတဲ့ အသင်းပေါင်း(၂၆)သင်းထဲမှာ (၂၂)သင်းဘက်ကို ဂိုးသွင်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

စပါးအသင်းရဲ့ အသင်းခေါင်းဆောင် တိုက်စစ်ကစားသမား ဟယ်ရီကိန်းဟာ မနေ့ညက အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်မှာ ဒုတိယမြောက်သွင်းဂိုးကို ရယူပေးနိုင်ခဲ့တာကြောင့် မြောက်လန်ဒန်ဒါဘီပွဲစဉ် သမိုင်းတလျှောက် သွင်းဂိုး(၁၁)ဂိုးနဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် သတ်မှတ်ခံလိုက်ရပါတယ်။

ဂျာမန်သတင်းစာတစ်ခုဖြစ်တဲ့ Blid ရဲ့ ဖော်ပြချက်များအရ ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းမှာ အနာဂတ်မရေရာတော့တဲ့ အစ္စကိုရဲ့နေရာအတွက် ရက်ဘူးဆာလ်ဇ်ဘာ့ဂ်အသင်းရဲ့ ဟန်ဂေရီ လူငယ်ကြယ်ပွင့် ကွင်းလယ်ကစားသမားလေး ဒိုမီနစ်ဆာဘော့ဇ်လိုင်းကို ခေါ်ယူသွားဖို့ အဓိကပစ်မှတ်ထားလို့နေပြီး ဆောင်းစျေးကွက်မှာပဲ ကမ်းလှမ်းသွားဖွယ် ရှိနိုင်တယ်လို့ သိရပါတယ်။

လီဗာပူးလ်အသင်းဟာ မနေ့ညက ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ ဝုလ်ဗ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ Clean Sheet နိုင်ပွဲတစ်ပွဲကို ရယူနိုင်ခဲ့ပြီး အသင်းရဲ့အဓိကနောက်ခံကစားသမား ဗန်ဒိုက်ဒဏ်ရာခဲ့တဲ့နောက်ပိုင်း ကစားခဲ့ရသမျှ ပြိုင်ပွဲစုံ(၁၁)ပွဲအတွင်း အသင်းရဲ့ခံစစ်ပိုင်းက (၆)ဂိုးသာ ခွင့်ပြုထားရပြီး (၆)ပွဲအထိကို Clean Sheets ရယူထားနိုင်ခဲ့ပါတယ်။