MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဒီဇင်ဘာ ၃ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ဒေါ့မွန်အသင်းရဲ့ လူငယ်ကြယ်ပွင့်တစ်ဦးဖြစ်တဲ့ နော်ဝေတိုက်စစ်ကစားသမား အာလင်းဟာလန်းဟာ သူရဲ့ဒဏ်ရာပြသာနာကြောင့် မနေ့ညက ကျင်းပခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို ပါဝင်ကစားနိုင်ခြင်းမရှိတဲ့အပြင် လာမယ့် ၂၀၂၁ခုနှစ် ဇန်နဝါရီလလောက်မှသာ အသင်းအတွက် ပြန်လည်ကစားပေးနိုင်တော့မှာဖြစ်တယ်လို့ ဒေါ့မွန်ဘက်ကနေ ထုတ်ပြန်လာခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ လက်ရှိမှာ ရလဒ်တွေ မတည်မငြိမ် ဖြစ်နေတာကြောင့် အသင်းနည်းပြ ဇီဒန်းနဲ့ပင် လက်တွဲဖြုတ်သွားဖွယ် ရှိနေတယ်လို့ သတင်းတွေကနေ ဖော်ပြနေခဲ့ပေမယ့် ဇီဒန်းနဲ့သာ လမ်းခွဲလိုက်မယ်ဆိုရင် အသင်းရဲ့အခြေအနေကု ဒီထက်မက ပိုပြီးကတိုက်ကရိုက် ဖြစ်သွားလိမ့်မယ်လို့ အသင်းသားဟောင်းကြီး ဟူဂိုဆန်းချက်ဇ်ကနေ သတိပေးပြောဆိုလိုက်ပါတယ်။

အသက်(၃၅)နှစ်အရွှယ်ရှိ အာဆင်နယ် မန်စီးတီးအသင်းတို့ရဲ့ ပြင်သစ်နောက်ခံအစွန်လူဟောင်း ဂယ်လ်ကလစ်ချီဟာ သူရဲ့အာဆင်နယ်အသင်းဖော်ဟောင်း ဆန်ဒရိုက အားကစားဒါရိုက်တာအဖြစ် တာဝန်ယူနေတဲ့ ဆွတ်ဇာလန်ကလပ် Servette အသင်းဆီကို (၁၈)လစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပြီလို့ သိရှိရပါတယ်။

လိုက်ပ်ဇစ်အသင်းရဲ့ အဓိကနောက်ခံကစားသမားတစ်ဦးဖြစ်တဲ့ ဒေးယော့ခ်အူပါမယ်ကာနိုဟာ မနေ့ညက ဘာရှက်ဆီဟီနဲ့ လိုက်ပ်ဇစ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အဝါကတ်ပြသခံခဲ့ရတာကြောင့် အဝါကတ်စည်းမျဉ်းအရ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်ရမယ့် အုပ်စုနောက်ဆုံးပွဲစဉ်ကို လွဲချော်ရတော့မှာဖြစ်ပါတယ်။

မနေ့ညက စပိန်မြေမှာ ကစားသွားခဲ့တဲ့ ဆီဗီလာအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွက် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခဲ့ရတဲ့ ဝါရင့်တိုက်စစ်မှူးကြီး အိုလီဗာဂျရူးဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချယ်လ်ဆီးအသင်းအတွက် ပထမဆုံးသော တစ်ပွဲတည်း (၄)ဂိုးသွင်းယူနိုင်သူအဖြစ် မှတ်တမ်းဝင်သွားခဲ့ရပါတယ်။