MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဒီဇင်ဘာ ၃၁ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

အသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်လျက်ရှိနေတဲ့ အတ္တလန်တာအသင်းရဲ့ ဝါရင့်တိုက်စစ်ကစားသမားကြီး ဂိုးမက်ဇ်ဟာ အသင်းလိုက် လေ့ကျင့်ခန်းအစီအစဉ်မှာ မပါဝင်တော့ပဲ တစ်ဦးတည်းသာ လေ့ကျင့်ခန်းဆင်းလျက် ရှိနေသလို ကစားသမားကိုယ်တိုင်ကတော့ လာမယ့်ဆောင်းရာသီစျေးကွက်မှာ အသင်းကနေ ထွက်ခွာချင်နေတယ်လို့ သိရှိရပါတယ်။

အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ နည်းပြကြီး ဒီယေဂိုဆီမြွန်နီကတော့ မနေ့ညက ဂီတာဖေးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ စပိန်လာလီဂါပွဲစဉ်မှာပဲ သူရဲ့အသက်လက်တီကိုနည်းပြဘဝ ပွဲပေါင်း(၅၀၀) ပြည့်မြောက်ခဲ့ရပြီဖြစ်ပြီး ဒီလိုအမှတ်တရပွဲစဉ်မှာ တိုက်စစ်မှူးဆွာရက်ဇ်ရဲ့တစ်လုံးတည်းသောအနိုင်ဂိုးနဲ့ပါ နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်ဆောင်းစျေးကွက်အတွင်းမှာ အသင်းရဲ့ ညာနောက်ခံနေရာကို အားဖြည့်သွားဖို့အတွက် ချန်ပီယံရှစ်ကလပ် နောရစ်ချ်စီးတီးအသင်းရဲ့ ညာနောက်ခံလူ မက်စ်အာရွန်စ်ကို ပစ်မှတ်ထားနေလျက်ရှိပြီး အသင်းက နောက်ခံကစားသမား ဖိုဆူမန်ဆက်ချ်ကလည်း ယူနိုက်တက်နဲ့ လက်တွဲဖြုတ်ဖွယ် ရှိလို့နေပါတယ်။

Sky Germany သတင်းမီဒီယာရဲ့ ဖော်ပြချက်တွေအရ ဂျာမန်ဘွန်ဒစ်လီဂါကလပ် ရှော်ကေးအသင်းဟာ သူတို့ရဲ့ နောက်ခံကစားသမားဟောင်း ကိုလာစီနက်ကို အာဆင်နယ်အသင်းဆီကနေ အငှားနဲ့ ပြန်လည်ခေါ်ဆောင်သွားချင်နေသလို ကစားသမားကိုယ်တိုင်ကလည်း သူရဲ့အသင်းဟောင်းဆီ ပြန်သွားချင်နေတယ်လို့ သိရှိရပါတယ်။

အသင်းလက်မဲ့ ဖြစ်လို့နေတဲ့ စပါးအသင်းနည်းပြဟောင်း မာရီစီယိုပိုချက်တီနိုအနေနဲ့ နည်းပြလစ်လပ်လျက်ရှိနေတဲ့ ပီအက်စ်ဂျီအသင်းရဲ့ နည်းပြသစ်ရာထူးကို လက်ခံလိုက်မယ်ဆိုရင် သူနဲ့ စပါးအသင်းမှာ တွဲဖက်ခဲ့ဖူးသူတွေဖြစ်တဲ့ ကွင်းလယ်ကစားသမား ဒယ်လီအလီနဲ့ ဂိုးသမားကြီး ဟူဂိုလိုရစ်တို့ကို ဦးစားပေးခေါ်ယူသွားလိမ့်မယ်လို့ သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။