MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဒီဇင်ဘာ ၃၀ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့ပြီဖြစ်တဲ့ လီဗာပူးလ်အသင်းရဲ့ စပိန်လက်ရွေးစင် ကွင်းလယ်ကစားသမား သီယာဂိုအယ်ကန်တာရာဟာ ဒီနေ့ည နယူးကာဆဲလ်ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း လီဗာပူးလ်အသင်းအတွက် ပြန်လည်ပါဝင်ကစားပေးဖွယ် ရှိနေပါတယ်။

မနေ့ညက ဝက်စ်ဘရွန်းအသင်းကို အဝေးကွင်းမှာ (၅)ဂိုးပြတ်နဲ့ အနိုင်ယူခဲ့တဲ့ လိဒ်စ်ယူနိုက်တက်အသင်းဟာ ဒီနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း အိမ်ကွင်းပွဲစဉ်မှာရော အဝေးကွင်းပွဲစဉ်မှာပါ သွင်းဂိုး(၅)ဂိုးစီ သွင်းယူထားနိုင်ခဲ့တဲ့ တစ်သင်းတည်းသော အသင်းအဖြစ် သတ်မှတ်ခံလိုက်ရပါတယ်။ လိဒ်စ်ဟာ ဝက်ဘရွန်းကို အဝေးကွင်း (၅)ဂိုးပြတ်နဲ့ အနိုင်ယူခဲ့သလို နယူးကာဆဲလ်ကိုလည်း အိမ်ကွင်းမှာ (၅)ဂိုး(၂)ဂိုးနဲ့ အနိုင်ယူထားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းမှာ နည်းပြအဖြစ် တာဝန်ယူဆောင်ရွှက်ခဲ့ဖူးတဲ့ နည်းပြဆန်တီယာဂိုဆိုလာရီဟာ မက္ကဆီကို ထိပ်တန်းကလပ်အသင်းတစ်သင်းဖြစ်တဲ့ ကလပ်အမေရိကရဲ့ နည်းပြသစ်အဖြစ် တရားဝင်ခန့်အပ်ခံလိုက်ရပြီဖြစ်ပါတယ်။ ဆိုလာရီဟာ ရီးရဲလ်အသင်းကို အချိန်ခဏတာလေးသာ ကိုင်တွယ်ခဲ့ရပြီး အသင်းအတွက် ဖီဖာကလပ်ကမ္ဘာ့ဖလားဆုကိုတော့ ရယူပေးနိုင်ခဲ့ပါတယ်။

အာဆင်နယ်နဲ့ ဝက်စ်ဟမ်းယူနိုက်တက်အသင်းတို့ရဲ့ အင်္ဂလန်ကွင်းလယ်ကစားသမားဟောင်း ဂျက်ဝီရှိုင်းယားဟာ လက်ရှိအချိန်မှာ အသင်းလက်မဲ့ ကစားသမားတစ်ယောက် ဖြစ်လို့နေပေမယ့် ချန်ပီယံရှစ်ကလပ် ဘုန်းမောက်အသင်းမှာတော့ လေ့ကျင့်ခန်းတွေ ပြုလုပ်လျက်ရှိနေသလို အသင်းဟောင်းဘုန်းမောက်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ဖို့ နီးစပ်လျက်ရှိနေပါတယ်။

မနေ့ညက ကျင်းပခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း တိုက်စစ်မှူးမားကပ်ရပ်ဖိုဒ့်ရဲ့ နောက်ကျသွင်းဂိုးနဲ့ အနိုင်ရခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အနိုင်ဂိုးဟာ (၉၃)မိခန့်မှာ သွင်းယူခဲ့တဲ့ အနိုင်ဂိုးဖြစ်ပြီး ဒါဟာ လွန်ခဲ့တဲ့ ၂၀၀၉ခုနှစ်က ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်အတွင်း မိုက်ကယ်အိုဝင် သွင်းယူခဲ့တဲ့ နောက်ကျအနိုင်ဂိုးနောက်ပိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ထပ်မံသွင်းယူနိုင်ခဲ့တဲ့ နောက်အကျဆုံး Latest Winning Goal လည်းဖြစ်လာခဲ့ရပါတယ်။