MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဒီဇင်ဘာ ၂၉ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

အက်စတွန်ဗီလာအသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား ဂျက်ဂရီးလစ်ရှ်ဟာ လက်ရှိအချိန်မှာတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း အခွင့်အရေးဖန်တီးမှုပေါင်း အကြိမ်(၅၀)ကျော်အထိကို လုပ်ဆောင်ထားနိုင်ခဲ့တာကြောင့် ဒီရာသီ ပရီးမီးယားလိဂ်အတွင်း ပထမဆုံးသော Chances (၅၀)ကျော်အထိ ဖန်တီးထားနိုင်သူအဖြစ် သတ်မှတ်ခံလိုက်ရပါတယ်။

နာမည်ကျော် ဘောလုံးဂျာနယ်လစ် ဖာဘရီဇီယိုရဲ့ ဖော်ပြချက်အရ အင်္ဂလန်တောင်ပံကစားသမား ဂျေဒန်ဆန်ချိုဟာ လာမယ့်နွေစျေးကွက်အတွင်းမှာတော့ ဒေါ့မွန်ကနေ ထွက်ခွာသွားတော့မှာဖြစ်ပြီး ဆန်ချိုကို ခေါ်ယူဖို့အတွက်လည်း မန်ချက်စတာယူနိုက်တက်အသင်းကသာ ထိပ်ဆုံးကနေ ရေပန်းစားလို့နေတယ်လို့ သိရှိရပါတယ်။

ဒီနှစ်ဘောလုံးရာသီအပြီးမှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အသင်းခေါင်းဆောင် ဝါရင့်နောက်ခံကစားသမားကြီး ဆာဂျီယိုရာမို့စ်ကို စပါးအသင်းဘက်ကနေ စောင့်ကြည့်လျက်ရှိနေတယ်လို့ သိရပါတယ်။ စပါးနည်းပြ မော်ရင်ဟိုက သူနဲ့ ရီးရဲလ်မှာ လက်တွဲခဲ့ဖူးတဲ့ ရာမို့စ်ကို စပါးအသင်းဆီ ခေါ်ဆောင်ချင်နေပြီး အသင်းရဲ့ခံစစ်ကို အားဖြည့်သွားချင်နေတာဖြစ်ပါတယ်။

အသက်လက်တီကိုမက်ဒရစ်အသင်းက ဒီနှစ်ဘောလုံးရာသီအတွင်း ချယ်လ်ဆီးအသင်းမှာ ပုံမှန်နေရာပျောက်ဆုံးလို့နေရတဲ့ စပိန်နောက်ခံအစွန်လူ မားကို့စ်အလွန်ဆိုကို ခေါ်ယူချင်နေပြီး The Independent သတင်းစာရဲ့ ဖော်ပြချက်အရ အသက်လက်တီကိုဘက်ကနေ အလွန်ဆိုကို ခေါ်ယူဖို့အတွက် ဆွေးနွေးမှုတွေပါ လုပ်ဆောင်နေပြီလို့ သိရှိရပါတယ်။

အေစီမီလန်အသင်းဟာ လာမယ့်ဆောင်းစျေးကွက်အတွင်း ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ဝဲလ်ဖရက်ဒ်ဇာဟာကို ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက်ရှိနေပြီး (၁၀)နှစ်ကျော်လောက် ဝေးကွာလျက်ရှိနေတဲ့ အီတလီစီးရီးအေ ဆုဖလားကို အရယူနိုင်ဖို့အတွက် ဇာဟာလို တိုက်စစ်အရည်အသွေးကောင်းတဲ့ ကစားသမားမျိုးကို ခေါ်ယူအားဖြည့်ချင်နေတာဖြစ်ပါတယ်။