MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဒီဇင်ဘာ ၂၈ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

လီဗာပူးလ်အသင်းရဲ့ နယ်သာလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဝိုင်နယ်ဒန်ဟာ အသင်းအတွက် ဂိုးဖန်တီးမှုတစ်ကြိမ်မှကို မလုပ်ဆောင်နိုင်ခဲ့တာဟာ လွန်ခဲ့တဲ့ ၂၀၁၈ခုနှစ် ဧပြီလကနေ လက်ရှိအချိန်ထိဖြစ်ပြီး ဒီကာလအတွင်းမှာ ဝိုင်နယ်ဒန်က လီဗာပူးလ်အတွက် ပွဲပေါင်း(၉၀)လောက်အထိကို ပါဝင်ကစားခဲ့ရင်း Assist တစ်ကြိမ်မှကို မလုပ်ဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

အသက်(၃၂)နှစ်အရွှယ်ရှိ ဝက်ဖိုဒ့်အသင်းရဲ့ ပြင်သစ်ကွင်းလယ်ကစားသမား ကာပိုးလ်ဟာ စပိန်လာလီဂါ ဗီလာရီးရဲလ်အသင်းဆီကို (၂)နှစ်ခွဲသက်တမ်းရှိ စာချုပ်တစ်ရပ်နဲ့ ခေါ်ယူသွားဖို့ သဘောတူညီမှု ရယူနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။ စပါးကွင်းလယ်လူဟောင်း ကာပိုးလ်ဟာ လာမယ့်ဇန်နဝါရီလအတွင်းမှာပဲ ဗီလာရီးရဲလ်နဲ့ စတင်ပူးပေါင်းတော့မှာဖြစ်ပြီး ဒဏ်ရာရနေတဲ့ အီဘိုယာရဲ့နေရာကို ဝင်ရောက်ကစားမယ်လို့ သိရပါတယ်။

အာဆင်နယ်နဲ့ ပွဲစဉ်အတွင်း ဒေးဗစ်လုဇ်နဲ့ ထိခိုက်မိရင်း ဦးခေါင်းဒဏ်ရာ ရရှိခဲ့တဲ့ ဝုလ်ဗ်အသင်းရဲ့ တိုက်စစ်ကစားမား ရာအူးယီမီနက်ဇ်ဟာ မနေ့ညက ပွဲစဉ်မှာပဲ ပွဲကြည့်စင်ကနေ ဝုလ်ဗ်နဲ့စပါးတို့ ပွဲစဉ်ကို လာရောက်ကြည့်ရှုနိုင်ခဲ့ပြီး သိပ်မကြာခင်မှာပဲ အသင်းအတွက် ပြန်လည်ကစားပေးနိုင်ဖွယ် ရှိနေပါတယ်။ လက်ရှိမှာလည်း ဝုလ်ဗ်ဟာ ယီမီနက်ဇ်မပါဝင်တဲ့ ပွဲစဉ်တွေအတွင်း တိုက်စစ်ပိုင်းက အားနည်းလျက်ရှိနေပါတယ်။

ဂျုဗင်တပ်စ်အသင်းဟာ အာဆင်နယ်မှာ ပွဲထွက်ခွင့်တွေ လုံးဝကို ပျောက်ဆုံးနေရတဲ့ ကွင်းလယ်ဖန်တီးရှင် ကစားသမား မတ်ဇတ်အိုဇေးကို လာမယ့်ဆောင်းစျေးကွက်အတွင်းမှာ ခေါ်ယူဖို့အတွက် အိုဇေးရဲ့အေးဂျင့်ရဲ့ ကမ်းလှမ်းလာမှုကို ပယ်ချလိုက်တယ်လို့ အီတလီအခြေစိုက် သတင်းမီဒီယာ Tuttosport ကနေ ထုတ်ပြန်လာခဲ့ပါတယ်။

မနေ့ညက ဒူဘိုင်းမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Globe Soccer Awards ဆုပေးပွဲမှာ ရော်နယ်ဒိုက ရာစုနှစ်အကောင်းဆုံးကစားသမားဆု လီဝန်ဒေါစကီးက တစ်နှစ်တာအကောင်းဆုံးကစားသမားဆု ဂွာဒီယိုလာက ရာစုနှစ်အကောင်းဆုံးနည်းပြဆု ဟန်ဆီဖလစ်က တစ်နှစ်တာအကောင်းဆုံးနည်းပြဆု ရီးရဲလ်မက်ဒရစ်က ရာစုနှစ်အကောင်းဆုံးအသင်းဆုနဲ့ ဘိုင်ယန်မြူးနစ်အသင်းက တစ်နှစ်တာအကောင်းဆုံးအသင်းဆုတို့ကို အသီးသီးပိုင်ဆိုင်ခဲ့ကြပါတယ်။