MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဒီဇင်ဘာ ၂၇ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ဘာစီလိုနာအသင်းရဲ့ အသင်းခေါင်းဆောင် တိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီက သူလက်တွဲခဲ့ဖူးသမျှ နည်းပြတွေအားလုံးထဲမှာ လက်ရှိ မန်စီးတီးအသင်းကို ကိုင်တွယ်လို့နေတဲ့ နည်းပြပတ်ဂွာဒီယိုလာနဲ့ စပိန်လက်ရွေးစင်အသင်းကို ကိုင်တွယ်လျက်ရှိနေတဲ့ နည်းပြလူးဝစ်ဟင်းနရစ်တို့နှစ်ယောက်က အကောင်းဆုံးနည်းပြတွေလို့ သတ်မှတ်ပြောဆိုလိုက်ပါတာ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်း ပေါလ်စခိုးက ယူနိုက်တက်နည်းပြ အိုလေဂန်နာဆိုးလ်ရှားအနေနဲ့ သူ့အသင်းရဲ့ အကောင်းဆုံးကစားသမားတွေဖြစ်တဲ့ ပေါလ်ပေါ့ဘာနဲ့ အက်ဒီဆင်ကာဗာနီတို့နှစ်ယောက်ကို လက်စတာနဲ့ပွဲမှာ ပွဲထွက်ကစားသမားတွေအဖြစ် မသုံးစွဲလာခဲ့တာ မှားယွင်းကြောင်း ထောက်ပြပြောဆိုလိုက်ပါတယ်။

လန်ဒန်ဒါဘီပွဲစဉ်အတွင်း ချယ်လ်ဆီးအသင်းကို အနိုင်ယူလိုက်နိုင်ခြင်းဟာ အသင်းအတွက်တော့ အကောင်းဆုံးသော ဆေးတစ်ခွက်ပဲလို့ အာဆင်နယ်နည်းပြ မီခဲလ်အာတီတာက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အာဆင်နယ်ဟာ ဒီနိုင်ပွဲကြောင့် ပရီးမီးယားလိဂ်မှာ (၇)ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေမှုကိုပါ အဆုံးသတ်လိုက်နိုင်ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းကနေ ဒီနှစ်ဘောလုံးရာသီအကုန်မှာပဲ ထွက်ခွာလာတော့မယ့် နောက်ခံကစားသမား ဒေးဗစ်အလာဘာကို လီဗာပူးလ်အသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားလျက်ရှိလို့နေပမယ့်လည်း ဒီသြစတြီးယားနောက်ခံလူကို ခေါ်ယူနိုင်ဖို့ အဖြစ်နိုင်ဆုံး ကလပ်အသင်းအဖြစ် ရီးရဲလ်မက်ဒရစ်အသင်းက ရေပန်းအစားဆုံး ဖြစ်နေရပါတယ်။

မနေ့ညက နယူးကာဆဲလ်ယူနိုက်တက်အသင်းကို အိမ်ကွင်းမှာ (၂)ဂိုး ဂိုးမရှိနဲ့ အနိုင်ယူခဲ့တဲ့ မန်စီးတီးအသင်းဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ဆင်နွဲခဲ့သမျှ ပွဲစဉ်တွေထဲမှာ (၁၃)ပွဲအထိကို Clean Sheets ရယူနိုင်ခဲ့ပြီး ဒီပမာဏဟာ ဥရောပထိပ်တန်း အမှတ်ပေးလိဂ်(၅)ခုထဲက အသင်းတွေအားလုံးထဲမှာ Clean Sheets အရေအတွက် အများဆုံးဖြစ်ပါတယ်။