MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဒီဇင်ဘာ ၂၄ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ဗြိတိန်နာမည်ကြီး သတင်းစာတစ်ခုဖြစ်တဲ့ Daily Star ရဲ့ ဖော်ပြချက်တွေအရ အာဆင်နယ်အသင်းဟာ တိုက်စစ်ပိုင်းကို အင်အားမြင့်တင့်ဖို့အတွက် လာမယ့်ဆောင်းရာသီစျေးကွက်အတွင်းမှာပဲ ရီးရဲလ်မက်ဒရစ် ဘရာဇီးကြယ်ပွင့်တစ်ဦးဖြစ်တဲ့ လူငယ်တောင်ပံကစားသမား ဗင်နီရှပ်စ်ဂျူနီယာကို အငှားစာချုပ်နဲ့ ခေါ်ယူသွားချင်နေတယ်လို့ သိရှိရပါတယ်။

၂၀၀၆-၂၀၀၇ ဘောလုံးရာသီနောက်ပိုင်းကတည်းက အခုလို ခရစ္စမတ်ကာလအတွင်း စပိန်လာလီဂါ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာကို ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ကသာ နေရာယူထားခဲ့တာဖြစ်ပေမယ့် ဒီနှစ်ဘောလုံးရာသီရဲ့ ခရစ္စမတ်ကာလမှာတော့ အသက်လက်တီကိုမက်ဒရစ်အသင်းက ဒီနှစ်သင်းလုံး ကျော်လွန်ကာ ဇယားထိပ်မှာ ရပ်တည်လို့နေပါတယ်။

လာမယ့်ဆောင်းရာသီစျေးကွက်အတွင်းမှာ အသင်းရဲ့ ကွင်းလယ်ကစားသမား ခရစ္စတီယန်အဲရစ်ဆင်ကို ရောင်းချသွားတော့မယ့် အင်တာမီလန်အသင်းဘက်ကနေ အတည်ပြုလာခဲ့ပြီးနောက် ဒီကစားသမားကို ပရီးမီးယားလိဂ်အသင်းများစွာကနေ ပစ်မှတ်ထားနေလျက်ရှိနေပြီး ဒီအသင်းထဲမှာ အာဆင်နယ်က ထိပ်ဆုံးနေရာကနေ ရှိနေတယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် လန်ဒန်ဒါဘီ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ အသင်းရဲ့အဓိက ကစားသမားတွေဖြစ်တဲ့ ဟာကင်ဇီယက်ရှ် ဘင်ချီဝဲလ်နဲ့ ရီးစ်ဂျိမ်းစ်တို့ (၃)ယောက်လုံးက ဒဏ်ရာပြသာနာအသီးသီးကြောင့် ပါဝင်ကစားနိုင်ဖွယ် မရှိဘူးလို့ ချယ်လ်ဆီးအသင်းနည်းကြ ဖရန့်လမ်းပတ်က ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

မာဆေးဆိုက်ဒါဘီပွဲမှာ ရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် အသင်းရဲ့ပွဲစဉ်(၉)ပွဲခန့်လောက်အထိကို လွဲချော်ထားခဲ့ရတဲ့ လီဗာပူးလ်အသင်းရဲ့ စပိန်ကွင်းလယ်ကစားသမား သီယာဂိုအယ်ကန်တာရာဟာ အခုတော့ ပြန်လည်သက်သာနေပြီဖြစ်လို့ လေ့ကျင့်ခန်းတွေကိုလည်း အပြည့်အဝဆင်းနိုင်ကာ မကြာခင်မှာပဲ အသင်းအတွက် ပြန်လည်ကစားပေးနိုင်တော့မယ်လို့ သိရပါတယ်။