MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဒီဇင်ဘာ ၂၃ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ ဝါရင့်တိုက်စစ်ကစားသမားကြီး ဒီယေဂိုကော်စတာကတော့ အသင်းနဲ့ စာချုပ်သက်တမ်း တိုးမြှင့်သွားဖို့ ဆန္ဒမရှိတော့တဲ့အတွက် လာမယ့်ဆောင်းစျေးကွက် ဒါမှမဟုတ် နွေစျေးကွက်အတွင်းမှာပဲ အသက်လက်တီကိုအသင်းကနေ ထွက်ခွာသွားတော့မှာဖြစ်တယ်လို့ နာမည်ကျော်ဂျာနယ်လစ် ရိုမာနိုကနေ ထုတ်ဖော်သွားခဲ့ပါတယ်။

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဂျုဗင်တပ်စ်အသင်းနဲ့ ဖီအိုရင်တီးနားအသင်းတို့ရဲ့ စီးရီးအေပွဲစဉ်အတွင်းမှာ အိမ်ရှင်ဂျုဗင်တပ်စ်က (၃)ဂိုးပြတ်နဲ့ အရေးနိမ့်လိုက်တာကြောင့် ဒီရာသီအတွင်း ဥရောပထိပ်တန်း အမှတ်ပေးလိဂ်(၅)ခုထဲမှာ လုံးဝကို ရှုံးပွဲမရှိသေးတဲ့ ကလပ်အသင်းအဖြစ် အေစီမီလန်တစ်သင်းတည်းကသာ ကျန်ရှိနေရပါတော့တယ်။

ဒူးဒဏ်ရာကနေ ပြန်လည်သက်သာလာလို့ အသင်းအတွက် ပြန်ကစားပေးနေလျက်ရှိတဲ့ အာဆင်နယ်အသင်းရဲ့ လူငယ်တိုက်စစ်ကစားသမားလေး မာတင်နယ်လီဟာ မန်စီးတီးနဲ့ ကစားခဲ့ရတဲ့ ကာရာဘောင်းဖလားပွဲစဉ်အတွင်းမှာပဲ ဒဏ်ရာထပ်ရသွားခဲ့လို့ ဒုတိယပိုင်းအစမှာ ပေပေနဲ့ လူစားလဲခဲ့ရပါတယ်။

ဒဏ်ရာပြသာနာတွေကြောင့် မကြာခဏ အနားယူနေရတဲ့ ဘယ်ဂျီယံတိုက်စစ်ကစားသမား အီဒင်ဟာဇက်ဟာ ပေါင်ဒဏ်ရာကြောင့် တစ်လနီးပါးလောက် အနားယူနေရာကနေ ပြန်လည်သက်သာလာခဲ့ပြီဖြစ်လို့ ဂရန်နာဒါအသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့် စပိန်လာလီဂါပွဲစဉ်အတွက် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ လူစာရင်းထဲမှာ ပြန်လည်ပါဝင်လာခဲ့ပါတယ်။

ဖီအိုရင်တီးနားအသင်းရဲ့ ဆာဘီးယားနောက်ခံကစားသမား နီကိုလာမီလန်ကိုဗစ်ကို ပရီးမီးယားလိဂ် ထိပ်သီးကလပ်အသင်းတွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စပါးအသင်းတို့ကနေ အပြိုင်စိတ်ဝင်စားနေကြလျက်ရှိတယ်လို့ သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။ ဒီကစားသမားကို ယူနိုက်တက်ရော စပါးအသင်းကပါ ဆောင်းစျေးကွက်အတွင်းမှာပဲ အပြိုင်ကမ်းလှမ်းကြဖွယ် ရှိနေပါတယ်။