MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဒီဇင်ဘာ ၂၂ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ဟော့ဖန်ဟင်မ်အသင်းနဲ့ ကစားခဲ့ရတဲ့ ဘွန်ဒစ်လီဂါပွဲစဉ်အတွင်း ပြိုင်ဘက်ကစားသမားရဲ့မျက်နှာကို တထွေးနဲ့ထွေးလိုက်မိတာကြောင့် တိုက်ရိုက်အနီကတ်ပြကာ ပြိုင်ပွဲကနေ ထုတ်ပယ်ခံလိုက်ရတဲ့ မိုချန်ဂလာတ် တိုက်စစ်ကစားသမား မားကပ်စ်သူရမ်ကို (၅)ပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်တဲ့အပြင် ငွေဒဏ်အဖြစ် ယူရိုလေးသောင်းအထိ ဒဏ်ရိုက်မိခံခဲ့ရပါတယ်။

ကာရာဘောင်းဖလားပြိုင်ပွဲရဲ့ ဖိုင်နယ်ပွဲစဉ်ကို ယခင်နှစ်တွေကနဲ့မတူ လာမယ့်ဧပြီလမှသာ ကျင်းပနိုင်တော့မှာဖြစ်ပြီး ဧပြီလ(၂၅)ရက်နေ့မှသာ ကျင်းပဖြစ်တော့မယ်လို့ တရားဝင်ထုတ်ပြန်လာခဲ့ပါတယ်။ လက်ရှိမှာတော့ ကာရာဘောင်းဖလားပြိုင်ပွဲက ကွာတားဖိုင်နယ်အဆင့်ထိကို ရောက်ရှိနေပြီဖြစ်ပြီး ဆီမီးဖိုင်နယ်ပွဲစဉ်တွေကိုတော့ လာမယ့်ဇန်နဝါရီ (၄)ရက်နေ့မျာ ကျင်းပစေမှာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ကစားသမား တီမိုဝါနာဟာ မနေ့ညက ဝက်စ်ဟမ်းယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ လန်ဒန်ဒါဘီပွဲစဉ်အတွင်း ဂိုးဖန်တီးမှု တစ်ကြိမ်ကို ပြုလုပ်နိုင်ခဲ့ပေမယ့်လည်း ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိလို့ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ(၉)ပွဲဆက်တိုက်အထိကို ဂိုးပေါက်ပျောက်နေခဲ့ရတာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပိုလန်တိုက်စစ်ကစားသမား ရောဘတ်လီဝန်ဒေါစကီးက သူဟာ လွန်ခဲ့တဲ့ ၂၀၁၂ခုနှစ်တုန်းက သူရဲ့အသင်းဟောင်းဒေါ့မွန်ကနေ မန်ချက်စတာယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ကစားဖို့အတွက် နီးစပ်ခဲ့ဖူးပြီး အပြောင်းအရွှေ့ အပြီးမသတ်နိုင်ခဲ့ပဲ နောက်ဆုံးမှာတော့ ဒေါ့မွန်ရဲ့အနီးဆုံးပြိုင်ဘက် ဘိုင်ယန်အသင်းဆီကိုပဲ ပြောင်းရွှေ့လာခဲ့ရတာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

စပိန်လာလီဂါရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဆု(ပီချီချီဆု)ကို ဘာစီလိုနာအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီက သွင်းဂိုး(၂၅)ဂိုးနဲ့ သတ္တမကြိမ်မြောက်အဖြစ် ပိုင်ဆိုင်နိုင်ခဲ့ရပြီး တစ်နှစ်တာအတွင်း အကောင်းဆုံးကစားသမားဆုဖြစ်တဲ့ ဒီစတီဖာနိုဆုကိုတော့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပြင်သစ်တိုက်စစ်မှူး ကာရန်ဘန်ဇီမာက ပိုင်ဆိုင်ခဲ့ရပါတယ်။