MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဒီဇင်ဘာ ၂၀ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ချယ်လ်ဆီးအသင်းရဲ့ အင်္ဂလန်ညာနောက်ခံကစားသမားလေး ရီးစ်ဂျိမ်းစ်ဟာ ညာဘက်ဒူးမှာ ဒဏ်ရာရရှိလို့နေပြီး ဒဏ်ရာအခြေအနေအရ ခွဲစိတ်ကုသမှုပါ ခံယူရဖွယ် ရှိလာနိုင်တဲ့အတွက် ဝက်စ်ဟမ်းယူနိုက်တက်အသင်းနဲ့ ကစားရမယ့် လန်ဒန်ဒါဘီပွဲစဉ်အပါအဝင် အသင်းရဲ့ပွဲအနည်းငယ်လောက်ကို လွဲချော်ရဖွယ် ရှိနေပါတယ်။

မိုချန်ဂလာဘတ်အသင်းရဲ့ ပြင်သစ်တိုက်စစ်ကစားသမား မားကပ်စ်သူရမ်ဟာ မိုချန်ဂလာဘတ်နဲ့ ဟော့ဖန်ဟင်မ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဂျာမန်ဘွန်ဒစ်လီဂါပွဲစဉ်အတွင်း ပြိုင်ဘက်ဟော့ဖန်ဟင်မ်အသင်းသားတစ်ဦးရဲ့မျက်နှာကို တတွေးနဲ့ထွေးမိခဲ့တဲ့အတွက် တိုက်ရိုက်အနီကတ်ပြခံရကာ ပွဲကနေ ထုတ်ပယ်ခံလိုက်ရပါတယ်။

မက်ဆီဟာ မနေ့ညက ဘာစီလိုနာနဲ့ ဗလင်စီယာအသင်းတို့ တစ်ဖက်ကို (၂)ဂိုးစီ သရေကျခဲ့တဲ့ လာလီဂါပွဲစဉ်အတွင်း ဘာစီလိုနာအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူပေးနိုင်ခဲ့လို့ အခုဆိုရင် သူရဲ့ဘာစီလိုနာကစားသမားဘဝ သွင်းဂိုးပေါင်းက (၆၄၃)ဂိုးအထိ ရှိသွားခဲ့လို့ အသင်းတစ်သင်းအတွက် ဂိုးများစွာ သွင်းယူခဲ့တဲ့ ဂန္တဝင်ကစားသမားကြီး ပီလီရဲ့စံချိန်နဲ့ တူညီသွားခဲ့ပြီဖြစ်ပါတယ်။

ဆောက်သမ်တန်အသင်းကို ရာဟင်စတာလင်ရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ယူခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ မန်စီးတီးနည်းပြ ပတ်ဂွာဒီယိုလာက သွင်းဂိုးပြန်လည် ခွင့်မပြုခဲ့ရတဲ့ အသင်းခံစစ်ပိုင်းကို ချီးကျူးသွားခဲ့ပြီး သူ့အသင်းရဲ့ ခံစစ်ကစားသမား(၄)ယောက်လုံးရဲ့ ခံစစ်ကစားပုံက ထူးခြားကောင်းမွန်ခဲ့တယ်လို့ မှတ်ချက်ပြုပြောဆိုလိုက်ပါတယ်။

မနေ့ညက ကျင်းပသွားခဲ့တဲ့ အာရှချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်မှာ တောင်ကိုရီးယားကလပ် အူဆန်ဟွန်ဒိုင်းအသင်းက အီရန်ကလပ် ပါဆီပိုလစ်အသင်းကို အနိုင်ယူကာ အသင်းရဲ့သမိုင်းကြောင်းတလျှောက် AFC Champions League ဆုဖလားကြီးကို ဒုတိယအကြိမ်မြောက်အဖြစ် ပြန်လည်ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။