MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဒီဇင်ဘာ ၁၇ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ဘာစီလိုနာအသင်းဟာ မနေ့ညက ရီးရဲလ်ဆိုစီဒက်အသင်းနဲ့ ရင်ဆိုင်ခဲ့ရချိန်မှာ နောက်ကနေလိုက်ကစားပြီး (၂)ဂိုး(၁)ဂိုးနဲ့ အနိုင်ယူခဲ့တာကြောင့် သူတို့အသင်းရဲ့ အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီပါ မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့ပြီး လက်ရှိမှာ မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့အတူ နိုင်ပွဲပေါင်း (၃၀၀)အထိ ပြည့်မြောက်သွားခဲ့ရပြီဖြစ်ပါတယ်။

ဝက်ဘရွန်းအသင်းကတော့ အသင်းကနေ ထုတ်ပယ်လိုက်ပြီဖြစ်တဲ့ ဘီလစ်ရဲ့နေရာမှာ ဝါရင့်နည်းပြကြီးတစ်ဦးဖြစ်တဲ့ အသက်(၆၆)နှစ်အရွှယ်ရှိ အင်္ဂလန်လူမျိုး နည်းပြကြီး ဆမ်အလာဒိုက်ကို (၁၈)လစာချုပ်နဲ့ အစားထိုးခန့်အပ်လိုက်ပြီဖြစ်ကြောင်း ဝက်ဘရွန်းအသင်းဘက်ကနေ တရားဝင်ထုတ်ပြန်လာခဲ့ပါတယ်။

အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင် တိုက်စစ်ကစားသမား အူဘာမီယန်းဟာ မနေ့ညက ဆောက်သမ်တန်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ပွဲစဉ်အတွင်း အသင်းအတွက် ချေပဂိုးတစ်ဂိုးကို သွင်းယူခဲ့ရင်း ဒီဂိုးဟာ အူဘာမီယန်းအတွက် ဒီနှစ်ဘောလုံးရာသီ အိမ်ကွင်းပွဲစဉ်တွေအတွင်း(ပြိုင်ပွဲစုံ) ပထမဆုံး သွင်းယူနိုင်ခဲ့တဲ့ သွင်းဂိုးလည်းဖြစ်ခဲ့ရပါတယ်။

ဘာစီလိုနာအသင်းရဲ့ ဝါရင့်စပိန်ဘယ်နောက်ခံကစားသမားတစ်ဦးဖြစ်တဲ့ ဂျော်ဒီအယ်ဘာကတော့ မနေ့က ဆိုစီဒက်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ အသင်းအတွက် အဖိုးတန်ချေပဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့အတွက် ဒီရာသီ သူပါဝင်ပတ်သက်ခဲ့တဲ့ သွင်းဂိုးက(သွင်းဂိုး၁ဂိုး ဖန်တီးမှု၅ဂိုး) စုစုပေါင်း(၆)ဂိုးအထိ ရှိလာခဲ့တဲ့အတွက် ဒီပမာဏဟာ ဒီရာသီ လာလီဂါခံစစ်မှူးတွေထဲမှာတော့ အများဆုံးဖြစ်လို့နေပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပိုလန်တိုက်စစ်ကစားသမားကြီး ရောဘတ်လီဝန်ဒေါစကီးဟာ မနေ့ညက ကစားသွားခဲ့တဲ့ ဝုလ်ဖ်ဘတ်နဲ့ပွဲစဉ်မှာ အသင်းအတွက် ချေပဂိုးကိုရော အနိုင်ဂိုးကိုပါ သွင်းယူခဲ့ပြီး အနိုင်(၃)မှတ်အပြည့် ရယူပေးနိုင်ခဲ့သလို သူရဲ့ချေပသွင်းဂိုးဟာလည်း သူ့အတွက် ဘွန်ဒစ်လီဂါပြိုင်ပွဲအတွင်း သွင်းဂိုးစုစုပေါင်း (၂၅၀)ပြည့်မြောက်ခဲ့တဲ့ အမှတ်တရဂိုးလည်း ဖြစ်လာခဲ့ရပါတယ်။