MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဒီဇင်ဘာ ၁၆ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ဒီနှစ်ဘောလုံးရာသီအတွင်း ချယ်လ်ဆီးအသင်းအတွက် Clean Sheet ပွဲပေါင်းများစွာ ရယူပေးထားနိုင်တဲ့အထိကို လက်စွမ်းပြလျက်ရှိနေတဲ့ ဂိုးသမားအက်ဒွါမန်ဒီဟာ အသင်းရဲ့နောက်ပိုင်းပွဲတွေမှာတော့ သွင်းဂိုးတွေ ပြန်လည်ခွင့်ပြုနေရပြီး ပရီးမီးယားလိဂ် (၃)ပွဲဆက်တိုက် သွင်းဂိုးတွေ ခွင့်ပြုလို့နေရပါတယ်။

လိုက်ပ်ဇစ်အသင်းရဲ့ ပြင်သစ်လက်ရွေးစင် နောက်ခံကစားသမား ဒေးယော့ခ်အူပါမယ်ကာနိုဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ စိတ်ဝင်စားခြင်းကို ရရှိနေပေမယ့်လည်း ပရီးမီးယားလိဂ်ကိုသာ ပြောင်းရွှေ့ကစားချင်နေပြီး အခုဆောင်းစျေးကွက်မှာ အသင်းမပြောင်းပဲနဲ့ လာမယ့်နွေစျေးကွက်မှသာ အသင်းကနေ ထွက်ခွာကာ အင်္ဂလန်ကလပ်အသင်းတစ်သင်းဆီ ရောက်ရှိလာဖွယ် ရှိနေပါတယ်။

စပါးအသင်းဟာ သူတို့ရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်တဲ့ တောင်ကိုရီးယား တိုက်စစ်ကစားသမား ဆွန်ဟောင်မင်ကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့အတွက် ဆွန်ရဲ့ အေးဂျင့်အသစ်တွေနဲ့ ဆွေးနွေးမှုတွေကို လုပ်ဆောင်လျက်ရှိနေတယ်လို့ သိရပါတယ်။ ဆွန်ဟာ စပါးနဲ့ ၂၀၂၃ခုနှစ်အထိ သက်တမ်းကျန်ရှိနေသေးပေမယ့်လည်း စပါးဘက်က နောက်ထပ်(၂)နှစ်စာချုပ်လောက်အထိကို ထပ်မံချုပ်ဆိုချင်နေပါတယ်။

မန်စီးတီးအသင်းဟာ သူတို့ရဲ့ နောက်ခံကစားသမားဖြစ်သူ ဂျွန်စတုန်းစ်ကို အသင်းရဲ့လူစာရင်းမှာ ပြန်လည်နေရာပေးခဲ့တဲ့ အချိန်ပေါင်း (၆၁၆)မိနစ် (ပရီးမီးယားလိဂ်ရော ချန်ပီယံလိဂ်ပွဲစဉ်တွေအပါအဝင်)အတွင်းမှာ ခံစစ်က သွင်းဂိုးတစ်ဂိုးတည်းကိုသာ ခွင့်ပြုခဲ့ရတဲ့အထိ ခံစစ်ပိုင်း ကျစ်လစ်လာခဲ့ရတယ်လို့ သိရပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ကွင်းလယ်လူချာကာ တောင်ပံကစားသမား ဝီလီယံနဲ့ တိုက်စစ်ကစားသမား လာကာဇက်တို့ကို အသင်းရဲ့ ပွဲထွက်ကစားသမားစာရင်းကနေ ချန်လှပ်ပြီး လူငယ်ကစားသမားတွေကိုပါ လာမယ့်ပွဲစဉ်တွေအတွင်းမှာ ပိုမိုနေရာပေးသင့်တယ်လို့ အသင်းရဲ့ ကစားသမားဟောင်းကြီး အီယန်ရိုက်က တိုက်တွန်းပြောဆိုလိုက်ပါတယ်။