MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဒီဇင်ဘာ ၁၃ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။


မန်ချက်စတာယူနိုက်တက်အသင်းဟာ မနေ့ညက ကစားသွားခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်အတွင်း ဂိုးမရှိသရေပွဲရအောင် ကစားနိုင်ခဲ့တဲ့အတွက် ဒီနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ တတိယမြောက် Clean Sheets ပွဲကို ပိုင်ဆိုင်ခဲ့ရပေမယ့် ဒီရာသီ အိုးထရက်ဖိုဒ့်မှာ ကစားခဲ့ရတဲ့ အာဆင်နယ် ချယ်လ်ဆီး မန်စီးတီးအသင်းတို့နဲ့ပွဲတွေမှာလည်း (၃)ပွဲလုံး ဂိုးပေါက်ပျောက်ဆုံးခဲ့ရပါတယ်။

အာဆင်နယ်အသင်းမှာ ပွဲထွက်ကစားခွင့်တွေ လုံးဝကို ပျောက်ဆုံးလို့နေရတဲ့ ဂျာမန်ကွင်းလယ်ဖန်တီးရှင် မက်ဇတ်အိုဇေးဟာ ရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ မေဂျာလိဂ်ဘောလုံးပြိုင်ပွဲဆီကို ပြောင်းရွှေ့ကစားဖို့ မျက်စိကျနေလျက်ရှိပြီး သူ့ကိုလည်း အယ်အေဂလက်ဆီနဲ့ အင်တာမိုင်ယာမီအသင်းတွေက ပစ်မှတ်ထားလျက် ရှိနေပါတယ်။

တန်းတတ်စတုဂတ်အသင်းကို အိမ်ကွင်းမှာ (၁)ဂိုး(၅)ဂိုးဆိုတဲ့ ရလဒ်မျိုးနဲ့ အရှက်တကွဲ အရေးနိမ့်ခဲ့ရပြီးနောက် ဒီပွဲစဉ်မှာ ပါဝင်ကစားခဲ့တဲ့ ဝါရင့်ဒေါ့မွန်နောက်ခံကစားသမားကြီး မတ်ဟမ်းမဲလ်စ်က အသင်းနည်းပြ လူစီယန်ဖာရဲ့ နည်းစနစ်တွေဟာ ဒီနေ့ပွဲစဉ်အတွက် မှားယွင်းခဲ့ကြောင်းနဲ့ ဒီနည်းစနစ်ကြောင့် သူတို့မှာလည်း ကစားရခက်ခဲ့ကြောင်း ဝေဖန်ပြောဆိုလိုက်ပါတယ်။

အင်တာမီလန် ရိုးမားနဲ့ မန်စီးတီးအသင်းတို့မှာ ပါဝင်ကစားခဲ့ဖူးပြီး အင်တာနဲ့လည်း ဖလားသုံးလုံး ရယူခဲ့ဖူးတဲ့ ဝါရင့်ဘရာဇီးကွင်းလယ်ကစားသမားဟောင်းကြီး မိုင်ကွန်ဟာ အီတလီစီးရီဒီကလပ် ဆိုနာအသင်းကို နည်းပြအဖြစ် တာဝန်ယူဆောင်ရွက်တော့မှာဖြစ်တယ်လို့ အသင်းတာဝန်ရှိသူတွေဘက်ကနေ ထုတ်ပြန်လာခဲ့ပြီး လာမယ့်သုံးပတ်အတွင်းမှာပဲ အီတလီကို ရောက်ရှိလာတော့မယ်လို့ သိရှိရပါတယ်။

လတ်တလောမှာ မန်စီးတီးအသင်း အပါအဝင် ဥရောပကလပ်အသင်းများစွာနဲ့ အပြောင်းအရွေ့သတင်းတွေ ထွက်ပေါ်နေရတဲ့ ဒေါ့မွန်တိုက်စစ်ကစားသမားလေး အာလင်းဟာလန်းက အလျင်အမြန် အသင်းပြောင်းဖို့ကို စဉ်းစားဦးမှာမဟုတ်သလို လက်ရှိလည်း သူက ဒေါ့မွန်အသင်းမှာသာ ပျော်ရွှင်လျက်ရှိနေတယ်လို့ ဟာလန်းဖခင်ဖြစ်သူက ရှင်းလင်းပြောဆိုလိုက်ပါတယ်။