MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဒီဇင်ဘာ ၁၂ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

လီဗာပူးလ်အသင်းရဲ့ နည်းပြကြီး ယာဂင်ကလော့က အသင်းရဲ့ နံပါတ်တစ်ဂိုးသမားဖြစ်တဲ့ အယ်လီဆန်ဘတ်ကာဟာ ဖူလ်ဟမ်အသင်းနဲ့ ကစားသွားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းအတွက် ပြန်လည်ပါဝင်ကစားပေးနိုင်တော့မှာ ဖြစ်ပေမယ့်လည်း ဒဏ်ရာကနေ သက်သာလာပြီဖြစ်တဲ့ ချိန်ဘာလိန်ကိုတော့ အလောတကြီး အသုံးပြုသွားမှာမဟုတ်ဘူးလို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဥရုဂွေးလက်ရွေးစင် ကွင်းလယ်ကစားသမား ဖရက်ဒရစ်ကိုဗယ်ဗာဒီဟာ ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့ပြီဖြစ်လို့ အသက်လက်တီကိုအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် မက်ဒရစ်ဒါဘီပွဲစဉ်ရဲ့ လူစာရင်းမှာ ပါဝင်လာခဲ့ပြီဖြစ်ပြီး ဟာဇက် အိုဒီဂတ် မာရီယာနိုနဲ့ ဂျိုဗစ်တို့ကတော့ ဒဏ်ရာပြသာနာကြောင့် ဆက်လက်အနားယူရဦးမယ်လို့ နည်းပြဇီဒန်းက ပြောဆိုသွားခဲ့ပါတယ်။

ဒီနှစ်ဘောလုံးရာသီအကုန်မှာပဲ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတော့မယ့် လက်စတာနောက်ခံကစားသမား ဂျွန်နီအီဗန်စ်ကို လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာ်ကနေ စာချုပ်သက်တမ်း တိုးမြှင့်သွားချင်နေလျက်ရှိပြီး သိပ်မကြာခင် အချိန်ကာလအတွင်းမှာပဲ အီဗန်စ်ကို သက်တမ်းထပ်တိုးသွားနိုင်လိမ့်မယ်လို့ ယုံကြည်လို့နေပါတယ်။

အင်တာမီလန်အသင်းဟာ သူတို့အသင်းကို နှစ်ရာသီဆက်တိုက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အုပ်စုအဆင့်ကနေ လှည့်ပြန်စေခဲ့တဲ့ နည်းပြအန်တိုနီယိုကွန်တီရဲ့ စွမ်းဆောင်ရည်တွေအပေါ် နှစ်သက်ခြင်းမရှိတော့တဲ့အတွက် သူရဲ့နေရာမှာ အစားထိုးဖို့ နည်းပြတစ်ဦးကို အလိုရှိနေပြီး လတ်တလောမှာတော့ အသင်းလက်မဲ့ ဖြစ်လို့နေတဲ့ မက်စ်အယ်လီဂရီက ကွန်တီနေရာကို အစားဝင်ရောက်ဖို့ ရေပန်းအစားဆုံး ဖြစ်လို့နေပါတယ်။

အဲဗာတန်နည်းပြ ကားလို့စ်အန်စလော့တီက ဒီနေ့ညမှာ ချယ်လ်ဆီးအသင်းနဲ့ ရင်ဆိုင်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ ဂျိမ်းစ်ရိုဒရီဂွက်ဇ်က ဒဏ်ရာပြသာနာကြောင့် ပါဝင်ကစားနိုင်ဖွယ် မရှိတာကြောင့် အသင်းက အနည်းငယ်အားနည်းနေနိုင်ပေမယ့်လည်း ချယ်လ်ဆီးကို အကောင်းဆုံးကစားနိုင်လိမ့်လို့ ယုံကြည်ထားကြောင်း ကြုံးဝါးပြောဆိုလိုက်ပါတယ်။