MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဒီဇင်ဘာ ၁၁ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ စပိန်ကွင်းလယ်ကစားသမား လူးကပ်စ်ဗက်ဇကေးကတော့ သူရဲ့အသင်းဖော် ကာဗာဂျယ်ဒဏ်ရာရနေစဥ် သူရဲ့နေရာမှာ အစားထိုးဝင်ရောက်ပြီး ပွဲထွက်ခွင့်တွေ ရရှိလို့နေပေမယ့် သူရဲ့အနာဂတ်အခြေအနေကတော့ မရေမရာ ဖြစ်နေသေးလို့ အသင်းဘက်ကနေ သူရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ပေးဖို့ စောင့်ဆိုင်းလျက်ရှိနေပြီး အသင်းပြောင်းဖို့ထက် အသင်းမှာပဲ ဆက်လက်ရှိနေချင်တယ်လို့ သိရပါတယ်။

ဘာစီလိုနာအသင်းရဲ့ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား အောထရန်ဂရီးဇမန်းဟာ သူရဲ့စီးပွားရေးပိုင်းအရ လက်တွဲထားခဲ့တဲ့ တရုတ်နည်းပညာကုမ္မဏီတစ်ခုဖြစ်တဲ့ Huawei နဲ့ လက်တွဲဖြုတ်လိုက်ပြီဖြစ်ကြောင်း သူရဲ့လူမှုကွန်ယက်ပေါ်ကနေ ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ပါတယ်။

လက်ရှိ အသင်းမှာ ပုံမှန်ပွဲထွက်ကစားခွင့်တွေ ပျောက်ဆုံးလို့နေပြီး အသင်းနည်းပြ ဟိုဆေးမော်ရင်ဟိုရဲ့ ယုံကြည်ချက်တွေကိုလည်း မရရှိထားခဲ့တဲ့ စပါးအသင်းရဲ့ ကွင်းလယ်ကစားသမား ဒယ်လီအလီဟာ FIFA ရဲ့ တစ်နှစ်တာအတွင်း အကောင်းဆုံးကွင်းလယ်ကစား ဆန်ခါတင်စာရင်းမှာ အံ့အားသင့်စရာ ပါဝင်လာခဲ့ပါတယ်။ ဒါပေမယ့် အလီဟာ မနေ့ညက ယူရိုပါလိဂ်ပွဲမှာလည်း ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်မရခဲ့ပဲ အရန်စာရင်းမှာသာ ပါဝင်လာခဲ့သလို လူစားဝင်ကစားသမားအဖြစ်နဲ့လည်း ပါဝင်ကစားခဲ့ခြင်း မရှိပါဘူး။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးဟောင်းတစ်ယောက်ဖြစ်တဲ့ ဒီမီတာဘာဘာတော့က သူနဲ့ ယူနိုက်တက်အသင်းမှာ တွဲဖက်ကစားခဲ့ဖူးတဲ့ ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုက ခန္ဓာကိုယ်ကြံခိုင်မှုနဲ့ပတ်သက်ပြီး အလွန်ဂရုစိုက်သူဖြစ်သလို လေ့ကျင့်ခန်းတွေကိုလည်း ဆက်တိုက်လုပ်ဆောင်သူဖြစ်လို့ သူနဲ့အတူ လေ့ကျင့်ခန်းတွေ တွဲဖက်လုပ်ဆောင်ရတာဟာ စစ်ပွဲတစ်ပွဲလိုပဲလို့ မှတ်ချက်ပြုပြောဆိုလိုက်ပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ ဖရန့်လမ်းပတ်က လာမယ့်စနေနေ့ညမှာ အဲဗာတန်အသင်းနဲ့ ယှဥ်ပြိုင်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဥ်အတွင်း အသင်းရဲ့အဓိကကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ဟာကင်ဇီယက်ရှ်အနေနဲ့ ဒဏ်ရာပြသာနာကြောင့် ပါဝင်ကစားနိုင်မှာ မဟုတ်ပေမယ့်လည်း တံကောက်ကြောဒဏ်ရာကနေ သက်သာနေပြီဖြဖစ်တဲ့ တောင်ပံကစားသမား ခရစ္စတီယန်ပူလီဆစ်ကတော့ ပါဝင်ကစားနိုင်မှာ ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။