MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဒီဇင်ဘာ ၁၀ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

အာဆင်နယ်အသင်းရဲ့ အင်္ဂလန်ဂိုးသမားဟောင်းကြီး ဒေးဗစ်ဆီးမန်းက မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂိုးသမားလေး ဒင်းဟန်ဒါဆန်အနေနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ နံပါတ်တစ်ဂိုးသမား ဖြစ်လာဖို့အတွက် ဒေးဗစ်ဒီဂီယာကိုသာ ဦးစားပေးအသုံးပြုနေတဲ့ ယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့ လိုအပ်ကြောင်း တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ဘာစီလိုနာအသင်းရဲ့ ပြင်သစ်နောက်ခံကစားသမား ဆင်မြူရယ်အမ်တီတီမှာ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာနေပြီဖြစ်ပေမယ့်လည်း အသင်းကတော့ သူ့ကို ပြန်လည်အသုံးပြုဖို့ထက် လက်တွဲဖြုတ်သွားဖို့ကိုသာ ပြင်ဆင်နေပြီး ထွက်ပေါ်နေတဲ့ သတင်းတွေအရ ဆောင်းစျေးကွက်အတွင်း ဂျုဗင်တပ်စ်အသင်းဆီ အငှားချဖွယ် ရှိနေပါတယ်။

ချန်ပီယံလိဂ် အုပ်စုအဆင့်ပွဲစဉ်အားလုံး ပြီးဆုံးသွားချိန်မှာတော့ ဘိုင်ယန်မြူးနစ် ရီးရဲလ်မက်ဒရစ် ပီအက်စ်ဂျီ ဂျုဗင်တပ်စ် လိုက်ပ်ဇစ် ဘာစီလိုနာ လီဗာပူးလ် ချယ်လ်ဆီး မန်စီးတီး ဒေါ့မွန် ဆီဗီလာ လာဇီယို အသက်လက်တီကို အတ္တလန်တာ မိုချန်ဂလာဘတ် ပေါ်တိုတို့က နောက်တစ်ဆင့်ကို တတ်လှမ်းခွင့်ရခဲ့ပြီး မန်ချက်စတာယူနိုက်တက် အေဂျက်စ် ကလပ်ဘရုဂျက် ဒိုင်နမိုကိဗ် ခရက်စ်နိုဒါ အိုလံပီယာကော့စ် ရှက်တာဒိုးနက်နဲ့ ဆာလ်ဇ်ဘာ့ဂ်အသင်းတွေကတော့ ယူရိုပါလိဂ်ကို ဆင်းကစားရမှာဖြစ်ပါတယ်။

မနေ့ညက မစ်ဂျေးလန်းအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်အတွင်းမှာ လီဗာပူးလ်အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့တဲ့ တိုက်စစ်ကစားသမား မိုဟာမက်ဆာလာဟာ အခုဆိုရင် အသင်းအတွက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သွင်းယူပေးခဲ့တဲ့ သွင်းဂိုးပေါင်း(၂၂)ဂိုးအထိ ရှိလာခဲ့ပြီဖြစ်လို့ ဂျရတ်ကို ကျော်ဖြတ်ပြီး အသင်းရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် သတ်မှတ်ခံလိုက်ပါတယ်။

အင်္ဂလန်နိုင်ငံအတွင်းမှာ ချမှတ်ထားတဲ့ ကိုဗစ်စည်းကမ်းတွေ ချိုးဖောက်မိသလို ဖြစ်ခဲ့ကြတဲ့ အက်စတွန်ဗီလာအသင်းရဲ့ အင်္ဂလန်ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ဂျက်ဂရီးလစ်ရှ်နဲ့ ရိုစ့်ဘာကလေတို့နှစ်ယောက်ကို ပြစ်ဒဏ်ပေးသွားမှာမဟုတ်ဘူးလို့ သိရှိရပါတယ်။