MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  သြဂုတ်လ ၉ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ဂျုဗင်တပ်စ်အသင်းကတော့ မနေ့ကပဲ နည်းပြအပြောင်းအလဲတစ်ခုကို အလျင်အမြန်လုပ်ဆောင်သွားခဲ့ပြီး အသင်းကို စီးရီးအေချန်ပီယံဆုကလွဲပြီး ကျန်တဲ့ဆုဖလားတွေ မရယူနိုင်ခဲ့တဲ့ နည်းပြဆာရီကို ထုတ်ပယ်ခဲ့ပြီး အသင်းရဲ့ဂန္တဝင်ကစားသမားလည်းဖြစ် မကြာသေးခင်ကမှ အသင်းရဲ့လူငယ်နည်းပြအဖြစ်နဲ့လည်း ခန့်အပ်ခြင်းခံထားရတဲ့ ပီယာလိုကို နည်းပြသစ်အဖြစ် (၂)နှစ်စာချုပ်နဲ့ ခန့်အပ်လိုက်ပါတယ်။

မနေ့ညက နာပိုလီအသင်းနဲ့ ရင်ဆိုင်သွားခဲ့ရတဲ့ ချန်ပီယံလိဂ် ရှံးထွက်ဒုတိယအကျော့ပွဲစဉ်မှာ သွင်းဂိုးရယူနိုင်ခဲ့တဲ့ ဘာစီလိုနာအသင်းရဲ့အသင်းခေါင်းဆောင် တိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီဟာ ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း သူဂိုးသွင်းယူနိုင်ခဲ့တဲ့ မတူညီတဲ့ အသင်းအရေအတွက်က (၃၅)သင်းအထိ ရှိလာခဲ့ရပါတယ်။

ပီအက်စ်ဂျီအသင်းနဲ့ လက်တွဲဖြုတ်ခဲ့ပြီဖြစ်တဲ့ ဝါရင့်ဥရုဂွေးတိုက်စစ်မှူးကြီး အက်ဒီဆန်ကာဗာနီဟာ အသင်းသစ်ရှာဖွေလျက်ရှိနေပြီး နာမည်ကျော်အားကစားမီဒီယာကြီးဖြစ်တဲ့ Bein Sports ရုပ်သံရဲ့အားကစားသတင်းရေးသူတစ်ဦးရဲ့ဖော်ပြချက်အရ ဘင်ဖီကာအသင်းကို ရောက်ရှိဖို့ အလွန်နီးစပ်နေတယ်လို့ သိရှိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ရှက်ဖီးယူနိုက်တက်အသင်းဆီကို (၂)ရာသီအငှားချထားခဲ့တဲ့ ဂိုးသမားလေး ဒင်းဟန်ဒါဆန်ကို စာချုပ်သက်တမ်းတိုးဖို့ ကြိုးပမ်းလျက်ရှိနေပြီး တစ်ပတ်လုပ်ခ ပေါင်(၆)သောင်းအထိ တိုးမြှင့်ပေးသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။

မန်စီးတီးအသင်းနဲ့ လက်တွဲဖြုတ်တော့မယ့် ဝါရင့်စပိန်ကွင်းလယ်ကစားသမားကြီး ဒေးဗစ်ဆေးဗားကို လာဇီယိုအသင်းကနေ ခေါ်ယူသွားဖို့ အနီးစပ်ဆုံး ဖြစ်နေရပြီး လာမယ့်တနင်းလာနေ့မှာပဲ အပြီးသတ်စာချုပ်ချုပ်နိုင်လိမ့်မယ်လို့ အီတလီမီဒီယာတွေကနေ ဖော်ပြနေကြပါတယ်။

အာဆင်နယ်အသင်းအတွက် ပြီးခဲ့တဲ့ဘောလုံးရာသီအတွင်း အကောင်းဆုံးခြေစွမ်းပြခဲ့ပြီး အသင်းအတွက် ဂိုးသွင်းအများဆုံးသူအဖြစ် ရပ်တည်ခဲ့သလို အသင်းကိုလည်း အက်အေဖလား ရယူပေးနိုင်ခဲ့တဲ့ အူဘာမီယန်းဟာ အာဆင်နယ်ရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။