MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  သြဂုတ်လ ၈ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ဒီနေ့ညမှာ ဂျုဗင်တပ်စ်အသင်းနဲ့ ယှဥ်ပြိုင်ကစားသွားမယ့် ယိုဟန်ဂမ်ပါ ဖိတ်ခေါ်ဖလားပြိုင်ပွဲမှာ ဝင်ရောက်ကစားကြမယ့် ကစားသမားတွေထဲကမှ နွေစျေးကွက်အတွင်း အသင်းကို ရောက်ရှိလာကြသူတွေဖြစ်တဲ့ အဂွဲရိုး ဒီပိုင်း အီမာဆန်တို့ရဲ့ ကျောနံပါန်တွေကို ထုတ်ပြန်လာခဲ့ပြီး အဂွဲရိုးက နံပါတ် (၁၉) ဒီပိုင်းက (၉)နဲ့ အီမာဆန်က (၂၂)တို့ကို ဝတ်ဆင်သွားမယ်လို့ သိရပါတယ်။ ဒီပိုင်းက ကျောနံပါတ် ၉ကို ဝတ်ဆင်ရမှာဖြစ်လို့ နဂို ကျောနံပါတ် (၉) ပိုင်ရှင် ဘရေ့ဝိတ်က (၁၂)ကို ပြောင်းလဲဝတ်ဆင်မယ်လို့ သိရပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဂျပန်လူငယ် ကြယ်ပွင့်လေး ကူဘိုဟာ ရီးယဲလ်အသင်းမှာ ပါဝင်ကစားရဖို့အတွက် နောက်ထပ် လာလီဂါကလပ်အသင်း တစ်သင်းမှာ တစ်ရာသီ အငှားကစားရဖို့ လိုအပ်နေသေးပြီး လက်ရှိမှာတော့ သူ့ကို အလိုရှိနေတဲ့ စပိန်ကလပ် အသင်းတွေထဲကမှ ရီးယဲလ်ဆိုစီဒက်အသင်းထက် ၂၀၁၉ခုနှစ်တုန်းက တစ်ရာသီအငှားနဲ့ သွားရောက်ကစားဖူးတဲ့ မာယော့ကာအသင်းဆီကိုသာ ထပ်မံပြောင်းရွှေ့သွားဖို့ ပိုမိုနီးစပ်နေတယ်လို့ သိရပါတယ်။

လီဗာပူးလ် ကစားသမားဟောင်းကြီး စတီဗင်ဂျရတ် ကိုင်တွယ်လျက်ရှိနေတဲ့ စကော့တလန် ထိပ်သီးကလပ် ရိန်းဂျားစ်အသင်းဟာ စကော့အမှတ်ပေးပြိုင်ပွဲပေါင်း ပွဲ(၄၀)အထိ ရှုံးပွဲမရှိအောင်  ကစားထားနိုင်ခဲ့ပေမယ့်လည်း မနေ့ညက ဒန်ဒီးယူနိုက်တက်အသင်းနဲ့ ယှဥ်ပြိုင်ကစားခဲ့တဲ့ စကော့အမှတ်ပေးပွဲစဥ်မှာ တစ်ဂိုး ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့လိုက်ရတာကြောင့် ရှုံးပွဲမရှိစံချိန် ရပ်တန့်ခဲ့သလို ချန်ပီယံလိဂ် တတိယအဆင့် ခြေစစ်ပွဲမှာလည်း မာလ်မိုကို ရှုံးနိမ့်ထားခဲ့သေးတာကြောင့် ရက်ပိုင်းအတွင်းမှာပဲ ရှုံးပွဲတွေဆက်လျက် ရှိနေပါတယ်။

နာမည်ကျော် ဂျေလိဂ်ကလပ် အသင်းတစ်သင်းဖြစ်တဲ့ ဗစ်ဆယ်ကိုဘေအသင်းဟာ နယူးကာဆဲလ်ယူနိုက်တက်အသင်းကနေ ထွက်ခွာလာခဲ့တဲ့ ဂျပန်တိုက်စစ်ကစားသမား ရိုရှီနိုယီမူတိုကို အလွတ်ပြောင်းရွေ့ကြေးနဲ့ ခေါ်ယူလိုက်ပြီဖြစ်ပြီး မူတိုဟာလည်း ကိုဘေအသင်းမှာ နာမည်ကျော် စပိန်ဝါရင့် ကွင်းလယ်ကစားသမားကြီး အင်နီယေစတာနဲ့ တစ်သင်းတည်း တွဲဖက်ကစားသွားရတော့မှာလည်း ဖြစ်ပါတယ်။

အတ္တလန်တာအသင်းရဲ့ ဘုတ်အဖွဲ့ဝင်များက လာမယ့် ၄၈နာရီအတွင်း ချယ်လ်ဆီးအသင်း တာဝန်ရှိသူတွေနဲ့ လန်ဒန်မြို့မှာ တွေ့ဆုံမှာဖြစ်ပြီး တိုက်စစ်ကစားသမား တမ်မီအေဘရာဟမ်ကို ခေါ်ယူနိုင်မယ့် အရေးကိစ္စအတွက် ဆွေးနွေးသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။ ချယ်လ်ဆီးအသင်းကတော့ သူတို့ကစားသမားအတွက် ပြောင်းရွှေ့ကြေးအဖြစ် ယူရိုသန်း(၄၀)ဝန်းကျင်လောက်အထိကို အလိုရှိနေတယ်လို့ သိရပါတယ်။

မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်မှာ တစ်လုံးတည်းသော အနိုင်ဂိုးကို ပင်နယ်တီကနေ သွင်းယူနိုင်ခဲ့တဲ့ လက်စတာ တိုက်စစ်ကစားသမား အီယန်နာချိုဟာ သူရဲ့သွင်းဂိုးကြောင့် လက်စတာအသင်းကို ဒုတိယမြောက် ကွန်မြူနတီဒိုင်း ရရှိစေခဲ့သလို အခုလို ပွဲကစားချိန်အတွင်း ရရှိခဲ့တဲ့ ပင်နယ်တီကနေ သွင်းဂိုးရယူနိုင်ခဲ့တာကြောင့် ၂၀၀၁ခုနှစ်နောက်ပိုင်း ကွန်မြူနတီဒိုင်းပြိုင်ပွဲမှာ သာမာန်ပွဲချိန်အတွင်း ကန်ခွင့်ရခဲ့တဲ့ ပင်နယ်တီကနေ ဂိုးသွင်းယူနိုင်ခဲ့သူအဖြစ် သတ်မှတ်ခံလိုက်ရပါတယ်။