MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  သြဂုတ်လ ၇ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ဘာစီလိုနာအသင်းဟာ ဖီးလစ််ကော်တင်ဟိုကို လီဗာပူးလ်အသင်းကနေ ခေါ်ယူခဲ့စဉ်တုန်းက အသင်းအတွက် ပြိုင်ပွဲပေါင်း (၁၀၀)ပြည့်အောင် ကစားနိုင်ခဲ့မယ်ဆိုရင် လီဗာပူးလ်အသင်းဆီကို နောက်ထပ် အပိုကြေးအဖြစ် ပေါင်သန်း(၂၀) ပေးချေသွားဖို့ စာချုပ်ထဲမှာ ထည့်သွင်းချုပ်ဆိုထားတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေပေမယ့် ဘာစီလိုနာကတော့ ဒီလိုသဘောတူညီမှုမျိုး မပြုလုပ်ထားဘူးလို့ ငြင်းဆန်သွားခဲ့ပါတယ်။

အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ ဟာကင်ဇီယက်ရှ်ကို ချယ်လ်ဆီးအသင်းကနေ ခေါ်ယူသွားဖို့ ခက်ခဲလျက်ရှိနေတဲ့ အေစီမီလန်အသင်းဟာ ဇီယက်ရှ်အစား ပစ်မှတ်ပြောင်းလဲသွားဖို့ အစီအစဉ်ရှိနေပြီး စီးရီးအေပြိုင်ဘက် အတ္တလန်အသင်းရဲ့ ဝါရင့်ကစားသမားကြီး အီလီချစ်ကိုသာ ခေါ်ယူသွားဖို့ စိတ်ဝင်စားလာခဲ့တယ်လို့ Sky Sports Italia ကနေ ဖော်ပြသွားခဲ့ပါတယ်။

နွေစျေးကွက်အတွင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းကနေ အငှားနဲ့ ထွက်ခွာရဖွယ် ရှိလို့နေတဲ့ နောက်ခံကစားသမား တွမ်ဇီဘီကို အက်စတွန်ဗီလာနဲ့ နယူးကာဆဲလ်ယူနိုက်တက်အသင်းတွေကနေ ခေါ်ယူသွားဖို့ အပြိုင်စိတ်ဝင်စားနေကြပြီး လတ်တလောမှာတော့ တွမ်ဇီဘီက နယူးကာဆဲလ်ဆီ တစ်ရာသီအငှားနဲ့ ရောက်ရှိဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဘာစီလိုနာအသင်းနဲ့ လက်တွဲဖြုတ်လိုက်တဲ့ လီယွန်နယ်မက်ဆီကို အသင်းဆီ အရခေါ်ယူသွားဖွယ် မရှိပဲ သူတို့အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ အင်တာမီလန် တိုက်စစ်ကစားသမား လူကာကူကိုသာ ခေါ်ယူနိုင်ဖို့ကို အဓိကထားနေလျက်ရှိနေသလို Football London ရဲ့ ဖော်ပြချက်အရ လူကာကူဟာ ချယ်လ်ဆီးကို (၅)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ကစားဖို့ သဘောတူညီမှု ရရှိထားတယ်လို့ သိရှိရပါတယ်။

လက်ရှိမှာ ဘာစီလိုနာအသင်းနဲ့ လမ်းခွဲထားခဲ့တဲ့ တိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီကို နွေစျေးကွက်အတွင်းမှာ ခေါ်ယူသွားဖို့အတွက် လီဂူးထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းက ကြိုးပမ်းဆောင်ရွှက်လျက်ရှိနေသလို ပီအက်စ်ဂျီ တိုက်စစ်မှူးနေမာကိုယ်တိုင်ကလည်း သူရဲ့အသင်းဖော်ဟောင်း မက်ဆီကို အရခေါ်ယူပေးဖို့နဲ့ သူရဲ့ကျောနံပါတ် (၁၀)ကိုပါ လွဲပြောင်းသွားဖို့ အစီအစဉ် ရှိလို့နေပါတယ်။