MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  သြဂုတ်လ ၆ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ပလေးအော့ဖိုင်နယ်ပွဲစဥ်မှာ ဘရန့်ဖို့ဒ်အသင်းကို အနိုင်ယူပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို တန်းပြန်တတ်လာနိုင်ခဲ့တဲ့ ဖူလ်ဟမ်အသင်းဟာ သူတို့ရဲ့ကစားသမားဟောင်းဖြစ်သူ ရိုင်ယန်ဆက်ဆီနွန်ကို စပါးအသင်းကနေ တစ်ရာသီအငှားနဲ့ ပြန်လည်ခေါ်ယူသွားဖို့ ကြိုးပမ်းလျက်ရှိနေပါတယ်။

ဗီလာရီးရဲလ်အသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ခံထားရတဲ့ အာဆင်နယ်နည်းပြဟောင်း အူနိုင်းအမ်မရီဟာ သူရဲ့အသင်းဟောင်းမှာ အဆင်မပြေဖြစ်နေရတဲ့ ပြင်သစ်ကွင်းလယ်ကစားသမား ဂွမ်ဒူဇီကို ဗီလာရီးရဲလ်အသင်းဆီ ခေါ်ဆောင်သွားချင်နေပါတယ်။ ဂွမ်ဒူဇီဟာ အာဆင်နယ်ကို အူနိုင်းအမ်မရီကိုင်တွယ်ချိန်တုန်း လော်ရီးယန့်အသင်းကနေ ပြောင်းရွေ့လာခဲ့တာဖြစ်ပါတယ်။

လာမယ့်ရက်ပိုင်းအတွင်းမှာ ယှဥ်ပြိုင်ကစားရတော့မယ့် မန်စီးတီးအသင်းနဲ့ ချန်ပီယံလိဂ် ရှုံထွက်အဆင့်ပွဲစဥ်အတွက် ကစားသမား(၂၄)ယောက်ကို ရွေးချယ်ခဲ့ရာ ရီးရဲလ်မက်ဒရစ်နည်းပြဇီဒန်းကို ဘေးလ်နဲ့ဂျိမ်းစ်ရိုဒရီဂွက်ဇ်တို့ကို လူစာရင်းကနေ ချန်လှပ်သွားခဲ့ပါတယ်။

လီဗာပူးလ်အသင်းရဲ့ တိုက်စစ်ကစားသမား ဆာဒီယိုမာနေးက သူနဲ့တစ်နိုင်ငံတည်းသားတွေလည်းဖြစ် ညီအစ်ကိုတွေလိုပါ ချစ်ခင်ရသူလည်းဖြစ်တဲ့ ဝက်ဖိုဒ့်အသင်းရဲ့ ဆီနီဂေါလက်ရွေးစင် တောင်ပံကစားသမား အစ်မိုင်လာဆားလ်ကို အခုနွေစျေးကွက်အတွင်းမှာ အရခေါ်ယူသွားဖို့ အသင်းဆီ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဂျုဗင်တပ်စ်အသင်းဟာ အသင်းရဲ့အဓိက ကစားသမားတစ်ယောက်ဖြစ်တဲ့ အာဂျင်တီးနားတိုက်စစ်ကစားသမား ပေါ်လိုဒီဘားလားကို စာချုပ်သက်တမ်းတိုးနိုင်ဖို့ အလွန်နီးစပ်နေပြီဖြစ်ပြီး လာမယ့်၂၀၂၅ခုနှစ်အထိ ဂျုဗင်တပ်စ်အသင်းမှာ ဆက်လက်ရှိနေနိုင်ဖွယ် ရှိတယ်လို့ အီတလီမီဒီယာတွေကနေ ဖော်ပြလို့နေပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီ အဆုံးသတ်ပိုင်းမှာ အသင်းအတွက် ခြေစွမ်းကောင်းတွေ ပြသခဲ့ပြီး သွင်းဂိုးတွေကိုပါ ရယူပေးခဲ့တဲ့ ဝက်စ်ဟမ်းအသင်းရဲ့တိုက်စစ်ကစားသမား အန်တိုနီယိုဟာ ပရီးမီးယားလိဂ်ရဲ့ဇူလိုင်လ အကောင်းဆုံးကစားသမားဆုကို ပိုင်ဆိုင်ခဲ့ပြီး ဒါဟာ သူရဲ့ကစားသမားဘဝမှာ ပထမဆုံးပိုင်ဆိုင်ခဲ့ရတဲ့ တစ်လတာအကောင်းဆုံးကစားသမားဆုလည်း ဖြစ်လာခဲ့ပါတယ်။