MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  သြဂုတ်လ ၆ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

မန်စီးတီးနည်းပြ ပတ်ဂွာဒီယိုလာဟာ ဗီလာအသင်းရဲ့ တောင်ပံကစားသမား ဂျက်ဂရီးလစ်ရှ်ကို ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင်သန်း(၁၀၀)နဲ့ ခေါ်ယူလိုက်ပြီးတဲ့နောက်မှာ မန်စီးတီးအသင်းရဲ့ နည်းပြတစ်ယောက်အဖြစ် တာဝန်ယူခဲ့စဉ်ကနေ အခုချိန်ထိ သူအသုံပြုခဲ့တဲ့ ပြောင်းရွှေ့ကြေးပေါင်းဟာ ပေါင်(၉၁၈)သန်းအထိကို ရှိလာခဲ့ရပြီလို့ သိရှိရပါတယ်။

ဒီရက်ပိုင်းမှာ အာဆင်နယ်အသင်းနဲ့ အပြောင်းအရွှေ့ သတင်းတွေ အတော်လေးကို ထွက်ပေါ်လျက်ရှိနေတဲ့ လက်စတာအသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဂျိမ်းမက်ဒီဆန်ကို အသင်းကနေ လုံးဝရောင်းထုတ်သွားမှာ မဟုတ်ကြောင်းနဲ့ ကစားသမားကလည်း အသင်းမှာသာ ဆက်လက်ရှိနေမှာဖြစ်ကြောင်း နည်းပြရော်ဂျာစ်က ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းမှာ အနာဂတ် မရေမရာ ဖြစ်လို့နေတဲ့ ပြင်သစ်ကြယ်ပွင့် ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာကို ပီအက်စ်ဂျီအသင်းကနေ ပစ်မှတ်ထားနေခဲ့သလို အခုလက်ရှိမှာလည်း သူရဲ့ကလပ်ဟောင်း ဂျုဗင်တပ်စ်ကပါ ပေါ့ဘာကို ပြန်လည်ခေါ်ယူသွားဖို့အတွက် စီစဉ်မှုတွေ လုပ်ဆောင်နေပြီလို့ အီတလီမီဒီယာတွေမှာ ဖော်ပြလာပါတယ်။

ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေ ဖြစ်ခဲ့ရပြီး အသင်းနဲ့ လမ်းခွဲသွားခဲ့ရတဲ့ ကမ္ဘာ့ထိပ်တန်းကစားသမား မက်ဆီကို လက်ရှိအချိန်မှာ ပီအက်စ်ဂျီအသင်းကနေ ခေါ်ယူသွားဖို့ ဖြစ်နိုင်ခြေအရှိဆုံးအသင်းအဖြစ် သတ်မှတ်ခံနေရပြီး ပီအက်စ်ဂျီနောက်မှာတော့ မန်စီးတီး မန်ချက်စတာယူနိုက်တက် ချယ်လ်ဆီးနဲ့ အင်တာမိုင်ယာမီအသင်းတွေက မက်ဆီရဲ့အသင်းသစ် ဖြစ်လာနိုင်မယ့် အသင်းတွေအဖြစ် အသီးသီး ရပ်တည်နေကြပါတယ်။

နွေစျေးကွက်အတွင်းမှာ ကစားသမားသစ်တွေများစွာ ခေါ်ယူထားတဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းဟာ နောက်ထပ် ကစားသမားသစ် ခေါ်ယူမှုအဖြစ်နဲ့ လိဂ်ချန်ပီယံရှစ်ကလပ် ဘလက်ဘန်းအသင်းရဲ့ တိုက်စစ်ကစားသမား အဒမ်အမ်းစထရောင်းကို ခေါ်ယူသွားဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီလို့ သိရှိရပါတယ်။