MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  သြဂုတ်လ ၅ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲ အမျိုးသား ယူ၂၃ ဘောလုံးပြိုင်ပွဲမှာ ဂျပန်ယူ၂၃အသင်းအတွက် အထူးခြေစွမ်းပြသလို့နေတဲ့ လူငယ်တိုက်စစ်ကစားသမားလေး ကူဘိုကို ဒီနှစ်ဘောလုံးရာသီမှာလည်း ရီးယဲလ်မက်ဒရစ်အသင်းကနေ ထပ်မံအငှားချသွားရဦးမှာဖြစ်ပြီး စပိန်လာလီဂါရဲ့ စည်းမျဥ်းစည်းကမ်းတွေကြောင့် ကူဘိုအနေနဲ့ လာမယ့်ရာသီမှသာ အသင်းအတွက် စတင်ကစားခွင့် ရနိုင်မှာဖြစ်တယ်လို့ သိရှိရပါတယ်။

ဂျာမနီရဲ့ အကောင်းဆုံး ကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ ဂျိုရှုအာကင်မစ်ချ်ဟာ သူရဲ့လက်ရှိကလပ် ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်း တိုးမြှင့်သွားဖို့ လုပ်ဆောင်လျက် ရှိလို့နေပြီး ဂျာမန်သတင်းစာ Blid ရဲ့ ဖော်ပြချက်တွေအရ ကင်မစ်ချ်ဟာ ဘိုင်ယန်အသင်းနဲ့ (၃)နှစ် သက်တမ်းတိုးဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။ ကင်မစ်ချ်ရဲ့ လက်ရှိစာချုပ်သက်တမ်းက လာမယ့် ၂၀၂၃ခုနှစ်မှာ သက်တမ်းကုန်ဆုံးတော့မှာပဲ ဖြစ်ပါတယ်။

အသက်လက်တီကိုမက်ဒရစ်အသင်းဟာ ဝုလ်ဗ်အသင်းရဲ့ စပိန်တိုက်စစ်ကစားသမား ရာဖာမီယာကို နွေစျေးကွက်အတွင်းမှာပဲ အရခေါ်ယူသွားဖို့ စိတ်ဝင်စားလျက် ရှိလို့နေပြီး အသင်းရဲ့ အဓိက တိုက်စစ်မှူးကြီး လူးဝစ်ဆွာရက်် အသက်အရွှယ်ကြောင့် အကျပိုင်း ရောက်လာချိန်မှာ အသင်းရဲ့ အထောင်တိုက်စစ်နေရာအတွက် စပိန်အိုလံပစ်အသင်းရဲ့ တိုက်စစ်ကစားသမား မီယာကို အလိုရှိနေတယ်လို့ Sky Sports သတင်းဌာနကနေ ဖော်ပြသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ လက်ရှိမှာ ဘင်ဝှိုက်အပါအဝင် ကစားသမားသစ် ၄ယောက်ခန့် ခေါ်ယူအားဖြည့်ထားခဲ့ပေမယ့်လည်း နောက်ထပ်ကစားသမားတွေကို ထပ်မံခေါ်ယူချင်နေပြီး လတ်တလောမှာတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲကနေ ချန်ပီယံရှစ်ဆီ တန်းဆင်းသွားခဲ့ရတဲ့ ရှက်ဖီးယူနိုက်တက်အသင်းရဲ့ ဂိုးသမား ရမ်းစ်ဒဲလ်နဲ့ ကွင်းလယ်ကစားသမား ဆန်ဒါဘာဂါတို့ နှစ်ဦးစလုံးကို ခေါ်ယူသွားချင်နေပြီး ရမ်းစ်ဒဲလ်ကိုတော့ အဓိကပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

အဂ်လန် ကွင်းလယ်တိုက်စစ်ကစားသမား ဂျက်ဆီလင်ဂတ်ဟာ လာမယ့်ဘောလုံးရာသီအတွင်း မန်ချက်စတာယူနိုက်တက်အသင်းမှာသာ ဆက်လက်ရှိနေပြီး နေရာတစ်နေရာ ရရှိဖို့အတွက်ကို တိုက်ပွဲဝင်သွားဖွယ် ရှိနေတာကြောင့် မနှစ်က ရာသီဝက်အတွင်း သူ့ကို အငှားနဲ့ ခေါ်ယူခဲ့တဲ့ ဝက်စ်ဟမ်းအသင်းအနေနဲ့ လင်ဂတ်ကို ထပ်မံအငှားနဲ့ ခေါ်ယူဖို့ ဒါမှမဟုတ် အပြီးသတ် ခေါ်ယူနိုင်ဖို့ဆိုတာ ဖြစ်နိုင်ခြေ အရမ်းနည်းသွားခဲ့ပြီလို့ သိရှိရပါတယ်။